မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်၏ ရုပ်အလောင်းကို မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ရေစီးမြောင်းအတွင်းမှ ဇူလိုင် ၁၅ ရက်နေ့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ပျောက်ဆုံးနေသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

မုဒုံ၊ ဇူလိုင် ၂၂

မုဒုံမြို့နယ်ရှိ မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန် အသတ်ခံမှုမှ မသင်္ကာဖွယ်အမျိုးသား နှစ်ဦးကို ဇူလိုင် ၂၀ ရက်နေ့တွင် မုဒုံမြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာရှိ မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်မှာ ဇူလိုင် ၆ ရက် ညနေ ၄ နာရီခန့်က စတင်ပျောက်ဆုံးခဲ့ပြီး၊အသတ်ခံရမှုကြောင့် မုဒုံမြို့မရဲစခန်းတွင် (ပ) ၃၃၇၅ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၉၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ အမျိုးသားနှစ်ဦးကို ချုပ်ရီမန်ယူ ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။

သေဆုံးသူ မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်

လက်ရှိ မုဒုံမြို့မရဲစခန်း၌ မသင်္ကာတရားခံအဖြစ် ချုပ်ရီမန်ယူ ဖမ်းဆီးစစ်ဆေးနေသူများမှာ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာနေ ချမ်းအောင် (၂၈ နှစ်) နှင့် ကွမ်တာကျေးရွာအလယ်ပိုင်းနေ မွန်ချမ်း(ခ) မျိုးခိုင်ဝင်း (ခ) ခရော့ (၂၇ နှစ်)တို့ နှစ်ဦးဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၆ ရက်နေ့က ပျောက်ဆုံးခဲ့သော မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်၏ ရုပ်အလောင်းကို မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ရေစီးမြောင်းအတွင်းမှ ဇူလိုင် ၁၅ ရက်နေ့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ပျောက်ဆုံးနေသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

မုဒုံမြို့မရဲတပ်ဖွဲ့၏ လိုက်လံစုံစမ်းဆေးချက်အရ ဒေါ်အေးအေးမွန်နှင့် ယခင်ရည်းစားဖြစ်ခဲ့ဖူးသော မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာနေ ရန်နောင်စိုး (၂၇ နှစ်)မှာလည်း ဒေါ်အေးအေးမွန် ပျောက်ဆုံးပြီး နောက်တစ်နေ့ (ဇူလိုင် ၇ ရက် နေ့) က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည်ဟု စုံစမ်းသိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

အသတ်ခံရသူ မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်ကိုင်ဆောင်အသုံးပြုသည့် ဖုန်းနံပါတ်အား ဇူလိုင် ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ဖုန်းခေါ်ဆိုထားသည့် ဖုန်းအဝင်/ အထွက် မှတ်တမ်းများ စစ်ဆေးသိရှိနိုင်ရန် လည်း ဆက်သွယ်ရေးအော်ပရေတာ ရုံးချုပ်သို့ ပေးပို့ထားကြောင်း သိရသည်။

ခေတ်မင်း

Leave a Reply