မော်လမြိုင်၊ ဇွန်

မုဒုံမြို့နယ် အဘစ်ကျေးရွာ အနီးရှိ ဝင်းဖနုံဆည်၏ ကြံ့ခိုင်မှု အခြေအနေကို ပြည်ထောင်စုမှ ပညာရှင်များဖြင့် စစ်ဆေးထားပြီးဖြစ်၍ စိုးရိမ်စရာ မရှိတော့ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဇွန် ၂၀ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

ဇွန် ၁၈ ရက် လူမှုကွန်ရက် ဖောစ့်ဘုတ် စာမျက်တွင် ထိုဆည်အနီးရှိ ဒေသခံများ ပြောင်းရွှေ့နေရကြောင်း ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပြည်နယ် ဆည်မြောင်း ညွှန်မှူးများကို ညတွင်းချင်း သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး ဇွန် ၁၉ ရက်တွင်လည်း ပြည်ထောင်စုမှ ပညာရှင်များက လာရောက် စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

“ဆည်မြောင်းက ညွှန်မှူးတွေ ပညာရှင်တွေနဲ့ သွားရောက်စစ်ဆေးပြီးပြီး ဘာမှစိုးရိမ်စရာမရှိဘူး”ဟု ဒေါက်တာအေးဇံက ပြောဆိုသည်။

ဆည်ကွဲအက်မှု ကောလဟလ သတင်းများကြောင့် ဆည်အနီးရှိ အဘစ်ကျေးရွာ၊ ဒိုမာကျေးရွာ၊ ထုံမံကျေးရွာ၊ ဆက်သွယ်ကျေးရွာ၊ ကွမ်ကဗွီကျေးရွာ၊ တောင်ပကျေးရွာ၊ ကလော့သော့ကျေးရွာ နှီးပဒေါကျေးရွာများမှ ဒေသခံ အချို့ ထိန့်လန့်မှု ဖြစ်ပေါ်ခဲ့သည်။

“ဒီသတင်းဟာ ကောဟလဖြစ်တယ်၊ ဒီအတွက်လည်း အဲညတွင်းချင်း ရွာတွေကို လိုက်ရှင်း ပြထားတယ်၊ မဟုတ်တဲ့အကြောင်း ကောဟလကို မယုံဖို့၊ ဆည်ကြီးကလည်း ဘာမှ မဖြစ်ဘူး”ဟု မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်က ဆိုသည်။

ထို့အပြင် ရွာသွန်းခဲ့မိုးကြောင့် ဆည်ရေ မြင့်တက်လာမှုကို ဆည်တာဝန်ရှိသူများက ရေဖောက်ချရာတွင် ရေနောက်များ ပါဝင်သွား၍ ဒေသခံများ စိုးရိမ်ခဲ့ခြင်ဖြစ်ကြောင်းနှင့် ရေနောက် ပါဝင်ခြင်းမှာ မိုးရေများနှင့် တောင်ကျရေကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဇွန် ၁၇ ရက်က ရွာသွန်းခဲ့သည့် မိုးကြောင့် ဝင်းဖနုံဆည်၏ ရေအမှတ်မှာ ၁၈၃ ဒသမ ၈ လက်မ အထိ မြင့်တက်ခဲ့သည်။ ထိုဆည်၏ ရေ Level မှာ ၁၉၃ လက်မ ဖြစ်သည်။

Written by သက်ပိုင်

Leave a Reply