မုန်ညင်းဖြူ နှင့်ကျန်းမာရေး

ဒီတစ်ပတ် ‘အစာလည်းဆေး၊ဆေးလည်းအစာ’ကဏ္ဍမှာ ဖော်ပြပေးမှာကတော့ အခုလိုဆောင်းရာသီမှာ အထွက်များပြီး ဆေးဖက်လည်းဝင်၊ရာသီဓာတ်စာတစ်မျိုးလည်းဖြစ်တဲ့ မုန်ညင်းဖြူ အကြောင်းပဲဖြစ်ပါတယ်။

မုန်ညင်းကို အင်္ဂလိပ်လို Mustard လို့ခေါ်ပြီးရုက္ခဗေဒအမည်ကတော့ Brassiaca juncea ဖြစ်ပါတယ်။သူ့ရဲ့မျိုးရင်းက- Cruciferae ပဲဖြစ်ပါတယ်။မုန်ညင်းမှာ မုန်ညင်းဖြူနဲ့ မုန်ညင်းစိမ်း ဆိုပြီး နှစ်မျိုးရှိကာ အဲဒီထဲမှာမှ မုန်ညင်းဖြူ သုံးမျိုးနဲ့မုန်ညင်းစိမ်းနှစ်မျိုးထပ်ရှိပြန်ပါတယ်။မြန်မာဆေးကျမ်းအလိုအရ မုန်ညင်းဟာ စပ်ခါးသောအရသာရှိပြီးပူသောသတ္တိရှိတယ်၊ထက်မြက်တယ်၊ဝမ်းမီးကိုတောက်စေတယ်၊သလိပ်တို့ကို ကင်းငြိမ်းစေတယ်။

သွေးအန်၊သွေးကျ၊နူနာ၊ယားယံခြင်းတို့ကို ပျောက်ကင်းစေတယ်လို့ဆိုထားပါတယ်။ မုန်ညင်းဖြူ ဟာ အရွက်သာမက အစေ့၊အဆီတို့ဟာလည်းကျန်းမာရေးအတွက် အင်မတန်မှပဲ အထောက်အကူပြုပါတယ်။မုန်ညင်းဖြူ ၁၀၀ ဂရမ်မှာ စွမ်းအင် ၁၆ ကယ်လိုရီပါပါတယ်။

ကာဘိုဟိုက်ဒရိတ် ၃.၂ဂရမ်၊အမျှင်ဓာတ် ၁.၂ ဂရမ်၊အဆီ ဝ.၂၈ ဂရမ်၊အသားဓာတ် ၁.၂ ဂရမ်၊ဗီတာမင်စီ ၂၇ မီလီဂရမ်၊ကယ်လ်စီယမ် ၇၀၇ မီလီဂရမ်၊သံဓာတ်ဝ.၃၁ မီလီဂရမ်၊မဂ္ဂနီစီယမ် ၁၃ မီလီဂရမ်၊ဆိုဒီယမ်၉ မီလီဂရမ်ပါရှိပါတယ်။အရွက်တွေမှာအာဟာရဓာတ် ဗီတာမင်၊သတ္တုဓာတ်တွေ အများကြီးပါတဲ့အတွက် တရုတ်ဟင်းလျာတွေမှာ အများဆုံးတွေ့ရတတ်ပြီး နှလုံးကျန်းမာသန်စွမ်းစေဖို့၊အရိုးတွေသန်မာစေဖို့နဲ့ သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် စားသုံးကြပါတယ်။

မျက်စိကိုအားကောင်းစေပြီး၊ မျက်လုံးကြွက်သားများထိခိုက်မှုကိုကာကွယ်ပေးသလို ကိုယ်ခံအားစနစ်ကိုလည်းမြှင့်တင်ပေးပါတယ်။နာတာရှည်ရောဂါအတွက်လည်းအထောက်အကူပြုပါတယ်။အသက်ကြီးလာသူတွေကြုံတွေ့ရတဲ့ အရိုးပွ၊အရိုးအက်၊အရိုးကျိုးတာတွေအတွက် မုန်ညင်းဖြူစားသုံးပေးရင်သက်သာစေမှာဖြစ်ပါတယ်။သံဓာတ်ပါဝင်တဲ့အတွက်လည်း မုန်ညင်းဖြူကိုနေ့စဉ်စားသုံးပေးခဲ့ရင်လုံလောက်တဲ့သွေးလည်ပတ်မှုကိုရရှိစေမှာဖြစ်ပြီး သွေးနီဆဲလ်တွေကိုလည်းထုတ်ပစ်နိုင်မှာဖြစ်ပါတယ်။

ဗီတာမင်ကေ ပါတဲ့အတွက်လည်း ဒဏ်ရာသွေးထွက်လွန်တာတွေကို သွေးတိတ်စေနိုင်တဲ့အပြင် အမျိုးသမီးတွေ ရာသီသွေးအဆင်းများခြင်းအတွက်လည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။ ပြီးတော့ မုန်ညင်းဖြူထဲမှာ ဆာလဖာအခြေခံပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။ရေဓာတ်ပါဝင်မှုများတဲ့အတွက် အသားအရေကိုလည်း စိုပြည်လှပစေပါတယ်။

အရွက်နည်းတူအစေ့ကလည်း ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။မုန်ညင်းဖြူစေ့ကိုကွမ်းစားဂမုန်း နဲ့သွေးပြီးလိမ်းရင် အဆစ်ရောင်တာပျောက်ပါတယ်။မုန်ညင်းဆီကတော့ ပြောစရာမလိုလောက်အောင်ဆေးဖက်ဝင်တယ်ဆိုတာလူတိုင်းသိကြပါတယ်။အအေးလွန်ပြီး နားကိုက်ခဲ့ရင် မုန်ညင်းဆီအနည်းငယ်ခတ်ပေးရုံနဲ့ နားကိုက်တာပျောက်ကင်းစေပါတယ်။

ဘေလုံးရောဂါ၊သွေးဖျဉ်းရောဂါ၊မြင်းသရိုက်ရောဂါ၊လေထိုးလေအောင့်ရောဂါဖြစ်ခဲ့ရင် အဲဒီနေရာတွေမှာ မုန်ညင်းဆီပွတ်လိမ်းပေးလို့ပဲဖြစ်ဖြစ်၊မုန်ညင်းဆီ နည်းနည်းသောက်ရင်ပဲဖြစ်ဖြစ် သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ ကလေများ ဗိုက်နာ၊အဆုတ်အအေးမိ၊နှာစေးချောင်းဆိုးဖြစ်ရင် မုန်ညင်းဆီကိုပရုတ်နဲ့ချက်ပြီး လိမ်းပေးခဲ့ရင်ပျောက်ကင်းမှာပါ။ မက္ခရုနာ ပေါက်ခဲ့ရင်လည်းမုန်ညင်းဆီ သုံးခါလောက် လိမ်းပေးလိုက်ရုံနဲ့ မက္ခရုတွေ ကြွေကျသွားမှာဖြစ်ပါတယ်။

ခေါင်းကိုက်၊ခေါင်းအုံဖြစ်နေရင် ဦးခေါင်းမှာမုန်ညင်းဆီလိမ်းပေးလိုက်ပါ၊သက်သာသွားပါလိမ့်မယ်။ ဇက်ကြောတက် ၊ မျက်ရိုးကိုက်ခဲ့ရင် အဲဒီနေရာတွေမှာ မုန်ညင်းဆီလိမ်းပေးရင်ပျောက်ကင်းစေမှာပါ။ အနာပျက် ၊ အနာဆွေးတွေကိုလည်း မုန်ညင်းဆီလိမ်းပေးရင်ပျောက်ကင်းပါတယ်။ မုတ်ကျနေသူတွေ မုန်ညင်းဆီလိမ်းပြီး နှိပ်နယ်ပေးရင်လည်း ပျောက်ပါတယ်။

ဘာမှမဖြစ်တဲ့လူကောင်းတွေအနေနဲ့လည်း ညအိပ်ရာဝင်တိုင်း မုန်ညင်းဆီကို လိမ်းခဲ့မယ်ဆိုရင် ဝဲကြောင့်ဖြစ်တဲ့အနာ၊ယားနာ၊နူနာ၊လေနာတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ အခုလိုဆောင်းရာသီမှာ အာဟာရလည်းဖြစ်၊ဆေးဖက်လည်းဝင်တဲ့ မုန်ညင်းဖြူကို ကိုရီးယားအစာလိုကြော်ချက်ချက်တာဖြစ်ဖြစ် ကင်ချီပဲလုပ်လုပ်၊ဟင်းခါးပဲချက်ချက်၊တို့စရာလိုပဲစားစား အကျိုးများတဲ့အတွက် အလေးထားစားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝဇီ

.

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.