Advertisements

မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်တစ်ယောက် ကလေးငယ်များအတွက် ရေးဆွဲထားသော ပန်းချီကားချပ်များနှင့် ကာတွန်းရုပ်ပုံများကို ပလတ်စတစ်လောင်းရန် မုဒုံမြို့သို့ နေအိမ်မှ ထွက်ခွာသွားခဲ့သည်။

ဒေါ်အေးအေးမွန်သည် မုဒုံမြို့သို့ မသွားရောက်မီ အချိန်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော သူမ၏ ခင်ပွန်းထံ ဆက်သွယ်ခဲ့ကြောင်း ဒေါ်အေးအေးမွန်၏ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာက ပြောသည်။

“သူ စျေးမသွားခင် ၃  နာရီလောက်က ကျွန်တော်ကို အွန်လိုင်းပေါ်ကနေ ပြောတယ်။ ဘာယူမလဲ။မုဒုံတစ်ချက်သွားမယ်ဆိုလို့ကျွန်တော့်အတွက်ဆေးတစ်ကတ်ရယ်၊သူ့အတွက်ကျတော့ နားကြပ်တစ်ခု ဝယ်မယ်။

မူကြိုကလေးတွေအတွက်ကာတွန်းရုပ်ပုံတွေဆွဲထားတဲ့ စာရွက်တွေ ပလတ်စတစ်သွားလောင်းဖို့ ပြောသွား တယ်”ဟု ကိုဒေါ်လာက ဆိုသည်။

ထိုပန်းချီကားများနှင့် ကာတွန်းရုပ်ပုံများကို ပလတ်စတစ် လောင်းပေးသည့် မိတ္တူဆိုင်တွင် အပ်နှံအပြီးဒေါ်အေးအေးမွန်သည် မုဒုံမြို့ ရွှေဟင်္သာဈေးသို့ သွားရောက်ခဲ့သည်ဟုဆိုသည်။

ထို့နောက်တွင်ကား သူမ ပျောက်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့တွင်မူ မုဒုံမြို့နယ်၊ကော့ခပုံကျေးရွာနေ မူကြိုကျောင်းအုပ်ဆရာမတစ်ဦးမှာ ရွှေထည်ပစ္စည်း များလုယက်ခံရပြီး အသတ်ခံခဲ့ရသည်ဟူသော သတင်းများ ပျံ့နှံ့ထွက်ပေါ်ခဲ့လေသည်။

ထိုသတင်းကို မုဒုံမြို့နယ် ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းစဉ်တွင်မူ တွေ့ရှိရသော အလောင်းမှာ မူကြိုကျောင်းဆရာမ ဒေါ်အေးအေးမွန် ဖြစ်နေသည်။ထို့အပြင် သူမ၏ ကိုယ်၌ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံး ၊ နားကပ်တစ်ရံ၊ လက်စွပ်နှစ်ကွင်း၊ ဟမ်းချိန်းတစ်ခု၊ ငွေစက္ကူ နှစ်သိန်းခန့်နှင့် ဟမ်းဖုန်းတို့မှာ ပျောက်ဆုံးနေခဲ့ရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်၏ ရုပ်အလောင်းကို မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ရေစီးမြောင်းအတွင်းမှ
ဇူလိုင် ၁၅ ရက်နေ့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ပျောက်ဆုံးနေသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

ဒေါ်အေးအေးမွန်သည် မူကြိုကလေးငယ်များအတွက် ကာတွန်းပန်းချီများ ပလတ်စတစ် လောင်းရန်အတွက် မုဒုံမြို့သို့ ဇူလိုင် ၆ ရက်နေ့ကသွားရောက်ခဲ့ရာမှပျောက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း အသတ်ခံခဲ့ရသူ မူကြိုဆရာမ၏ အစ်ကိုဖြစ်သူ ကိုစိုက်ထောက ပြောသည်။

“ညီမလေးက ခါတိုင်းလည်း အဲလိုပဲ သွားနေကြပဲ။ အခုလောက်ထိ အချိန် မကြာဖူးဘူး။ ည ၇ နာရီအထိ အိမ်ပြန်မရောက်လာလို့ အမေက ကျွန်တော်ကိုပြောလို့လိုက်ရှာခဲ့တာတစ်ညလုံးပဲ” ဟု ၎င်းက ပြောသည်။

မအေးအေးမွန်မှာ ဇူလိုင် ၆ ရက်ညနေ ၃ နာရီ ၅ မိနစ်နှင့် ၅၁ စက္ကန့်ကမုဒုံမြို့ မီးပွိုင့်မှ မုဒုံစျေးဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားသည်ကို CCTV မှတ်တမ်းအရ တွေ့မြင်ခဲ့ရသည်။

“အဲဒီနေ့က ( ဇူလိုင် ၆ ရက်) ကျွန်မတို့ဆိုင်ကို ရောက်လာတယ်။ ကလေးတွေအတွက် ကာတွန်းရုပ်ပုံတွေ ပလတ်စတစ်လောင်းဖို့။ ဆိုင်က ကလေးတွေကိုတော့ ပြောခဲ့တယ်။ နောက်တစ်နာရီလောက်နေရင် လာယူမယ်ဆိုပြီး” မုဒုံမြို့နယ်ရှိ မိတ္တူကွန်ပျူတာဆိုင်ပိုင်ရှင်အမျိုးသမီးက ပြော
ဆိုသည်။

ဒေါ်အေးအေးမွန် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခြင်း၊ ၎င်းမှတစ်ဆင့် ရဲစခန်းထံ လူပျောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး နောက်တစ်နေ့ ဇူလိုင်၇ ရက်နေ့ နေ့လယ်အချိန်၌ မုဒုံစျေးတွင် ဆိုင်ကယ်တစ်စီး ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်စစ်ဆေးယူခဲ့ကြောင်း အသတ်ခံခဲ့သော မူကြိုကျောင်းဆရာမ၏ အစ်ကိုဖြစ်သူ ကိုစိုက်ထောက ရှင်းပြသည်။

“ဆိုင်ကယ်ပြန်ရပြီးဆိုတော့ စခန်းမှူးက ကျွန်တော်ကို ပြောတယ်။ ကိုယ့်ညီမက လုယက်မှု မဖြစ်နိုင်တော့ဘူး။ဒါယောကျာ်းနောက်လိုက်တာ မဟုတ်ရင် ပါသွားတာပေါ့။ အဲလို သုံးသပ်လိုက်တာပေါ့။ ကျွန်တော်က ပြောတာ မဖြစ်နိုင်လောက်ဘူး။ သူ့ (ဒေါ်အေးအေးမွန်) ယောင်္ကျားနဲ့ နေပုံ ထိုင်ပုံ သိနေတယ်ဆိုတော့ မဖြစ်နိုင်ဘူးလေ” ဟု ၎င်းက ပြန်ပြောင်း ရှင်းပြသည်။

မုဒုံမြို့ရဲစခန်းမှူး၏ သုံးသပ်ပြောဆိုခဲ့မှုကြောင့် သူ၏ ညီမနှင့် ပတ်သက်ခဲ့ဖူးသည့်သူများကို လိုက်လံစုံစမ်းရှာဖွေခဲ့သော်လည်း ဇူလိုင် ၁၅ ရက် နံနက်ပိုင်းအထိ တွေ့ရှိခဲ့ခြင်းမရှိကြောင်း ကိုစိုက်ထောက ဆိုသည်။

မိသားစုဝင်များက နေ့စဉ်လိုက်လံစုံစမ်းရှာဖွေခဲ့စဉ် ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ (၄)ဧက ခြံရေပေးဝေသည့် မြောင်းအတွင်း၌ အလောင်းတစ်လောင်းပေါ်နေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ပျောက်ဆုံးနေသော ညီမဖြစ်သူ၏ အလောင်းဖြစ်နေသည်ကို အတည်ပြုခဲ့ရခြင်းဖြစ်ကြောင်းကိုစိုက်ထောက ပြောသည်။

သေဆုံးသူ ဒေါ်အေးအေးမွန်၏ လည်ပင်းတွင် အရှည် ၇ ပေ ခန့်ရှိ အစိမ်းရောင် နိုင်လွန်ကြိုး ငါးမူးလုံးဖြင့် ကြိုးကွင်းစွပ်လျက် ရေစီးမြောင်းမြေသားပေါ်၌ မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

“ဒီအထုပ်ကို တွေ့နေတာကြာပြီးဖြည်ကြည့်မရဲလို့မဖြည်ကြည့်တာတဲ့။ခါတိုင်းလည်း ဒီလိုပဲ အမှိုက်လာပစ်နေကြတယ်ဆိုလို့။ အခုက ပုပ်ပွပြီး အလောင်းကို ထုပ်ထားတဲ့ အိတ်ကွဲထွက်လာမှ လူသေအလောင်းမှန်း သိတာ” ဟု အလောင်း တွေ့ရှိခဲ့သည့် နေရာအနီးတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက ပြောပြခဲ့ကြောင်းကိုစိုက်ထောက ပြန်ပြောပြသည်။

ဒေါ်အေးအေးမွန် သေဆုံးနေမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်မုဒုံမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၁၉ အရ အမှုဖွင့်ခဲ့ပြီး မုဒုံမြို့နယ်ဆေးရုံရှိ ဆရာဝန်၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက်အရ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) အရ ပြောင်းလဲကာ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

ဒေါ်အေးအေးမွန် ထိုအဖြစ်နှင့် ကြုံတွေ့နေရစဉ်တွင် သူမ အမျိုးသားမှာ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေရာ၊ထိုသို့ဖြစ်ပွားခဲ့ကြောင်းကြားသိခဲ့ရပြီးအချိန်တွင် ကော့ခပုံရွာသို့ ပြန်လာခဲ့သည်။

“ကျွန်တော့်ဇနီးပျောက်သွားနေ့ ညပိုင်းမှာပဲ။ သူ့ (ဇနီး) ရဲ့ အစ်မကအကြောင်းကြားလို့ သိရတာ။ သိသိချင်းရွာကို ပြန်ဖို့ ကားအဆင်သင့် မရှိလို့ ဇူလိုင် ၈ ရက်နေ့ မနက်မှ ရောက်ခဲ့တာပါ။ ရောက်ရောက်ချင်း သူ့သွားတတ် လာတတ်တဲ့ နေရာတွေကို လိုက်ရှာခဲ့တယ်” ဟု သေဆုံးသူ၏ ခင်ပွန်းကိုဒေါ်လာက ပြောသည်။

ဇနီးဖြစ်သူ ပျောက်ဆုံးနေကြောင်းကို ယင်းနေ့ည ၁၂ ခန့်က သိရှိခဲ့ရသဖြင့် ထိုင်းနိုုင်ငံမှ ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာရှိနေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းကိုဒေါ်လာက ဆိုသည်။

အဆိုပါအမှုနှင့်  ပတ်သက်ပြီး ရဲတပ်ဝင်များ အဆိုအရ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူများကို မတွေ့ရှိရသေးပေ။

“ကနဦး ဆေးစစ်ချက်ကတော့ အသက်ရှူလေပြွန် ပိတ်ပြီး သေဆုံးတာလို့ သိရတယ်။ ကိုယ်ခန္ဓာမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘူး။ မှုခင်းဆေးစစ်ချက် တိတိကျကျတော့ မရသေးဘူး” ဟု ယင်းလူသတ်မှုကို လိုက်လံစုံစမ်းနေသည့်မုဒုံမြို့မရဲစခန်း
မှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မူကြိုကျောင်းဆရာမ ဒေါ်အေးအေးမွန် အသတ်ခံရမှုနှင့် ပတ်သက်၍သဲလွန်စများ ရရှိရေးအတွက် မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက အသတ်ခံခဲ့ရသူ မအေးအေးမွန် သွားလာခဲ့သည့်နေရာများရှိ CCTV မှတ်တမ်းများကို အသေးစိတ်လေ့လာ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

“သဲလွန်စရဖို့အတွက် ကျွန်တော်တို့ ကြိုးစားပြီး စုံစမ်းနေတယ်။ လောလောဆယ်တော့ မသင်္ကာတရားခံတွေအနေနဲ့ ဘယ်သူ့ကိုမှ ဖမ်းဆီးစစ်ဆေးနေတာတော့ မရှိသေးဘူး” ဟု မုဒုံမြို့မရဲစခန်းမှူး  ဒုရဲမှူး ခင်မောင်ထွန်းကပြောသည်။

သို့သော် ထိုအမှုနှင့် ပတ်သက်ပြီး မည်သူ ကျူးလွန်ခဲ့သည်ကို တိတိကျကျ မစုံစမ်းနိုင်သေးပေ။

သူမ၏ ခင်ပွန်းဖြစ်သူ   ကိုဒေါ်လာကမူ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် ယခုကဲ့သို့   တောင်းဆိုလိုက်သည်။

“အမှုကို အမြန်ဆုံးပေါ်ချင်တယ်။တကယ်လို့ မမိဘူးဆိုလို့ ရှိရင် ရှေ့ဆက်ဆိုရင် ဒီလိုမျိုး ပြန်ဖြစ်ဦးမယ်။ ကိုယ့်နိုင်ငံ ကိုယ့်ရွာမှာက မိန်းကလေးတွေအများကြီးရှိတော့ တစ်ယောက်မဟုတ်တစ်ယောက် ဒုက္ခရောက်ဦးမယ်” ဟုအသတ်ခံရသည့်မူကြိုကျောင်းဆရာမ၏ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာက ပြောသည်။

ကော့ခပုံကျေးရွာရှိ ဒေသခံများကို ဟင်္သာမီယာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ အသတ်ခံခဲ့ရသည့် မူကြိုကျောင်းဆရာမ မအေးအေးမွန် မှာကလေးငယ်များအပေါ်စေတနာအပြည့်အဝဖြင့် စောင့်ရှောက်ပေးသူ တစ်ဦးဖြစ်ပြီး လူချစ်လူခင်များကြောင်း ဆိုလေသည်။

“ရွာက လူတိုင်းကို မေးကြည့်လို့ရတယ်။ လူတိုင်းလည်း သူ့ကို ချစ််ခင်ကြတယ်။ ရန်ငြိုးထားတာ တစ်ယောက်မှ မရှိဘူး” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

မုဒုံမြို့နယ်တွင် .ယခုကဲ့သို့ လူသတ်မှုဖြစ်စဉ်မျိုး ပထမဆုံး ဖြစ်ပွားခဲ့ရပြီး ပြည်သူလူထု၏ ဘဝလုံခြုံမှုအာမံချက် လုံးဝရှိမနေတော့ကြောင်းသေဆုံးသူ၏ အစ်ကိုတော်စပ်သူ ကိုစိုက်ထောက ဆိုသည်။

“ဒီလိုမျိုးအမှုတွေ မဖြစ််ဖူးတော့ ကိုယ့်ညီမက အရင်ဆုံးဖြစ်တာ ကြားတယ်ဆိုတော့ အခုက လုံခြုံမှုမရှိ တော့ဘူး၊ လူပျောက်တိုင်တော့လည်း ဘာမှမထူးဘူး။ ဒီအလောင်းတွေ့မှပဲ အခုလိုမျိုးအဖြစ်တွေ သိရတယ်” ဟု ပြောသည်။

ညီမ ဖြစ်သူ ဆုံရှုံးခဲ့ရသော  ကိုစိုက်ထောကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးဖြစ်ပေါ်သော သူ၏ မလုံခြုံသောခံစားနေရမှုများကို ယခုကဲ့သို့ ပြောလာသည်။

“အခု ကျွန်တော်တို့ ရွာအနီးပတ်ဝန်းကျင်က လူတွေဆို ကြောက်လန့်နေရတယ်။ ဒီ ရွှေဟင်္သာစျေးကို မသွားရဲတဲ့ အဖြစ်မျိုး ဖြစ်နေတယ်။ ဒီအမှုကို မဖော်ထုတ်နိုင်မချင်း စိတ်ချရမှု မရှိနေဘူး။ အဲဒါကြောင့် တရားခံကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးဖို့ တိုက်တွန်းချင်တယ်” ဟု ပြောဆိုလေသည်။

ခေတ်မင်း

Advertisements
<

Leave a Reply