မူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာစကား သင် ဆရာ ခန့်မည်

မော်လမြိုင်၊ ဇူလိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မူလတန်းအဆင့် စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကား အထောက်အကူ သင်ကြားပေးနိုင်ရန် ဆရာ/ ဆရာမ တစ်ဦးခန့်အပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားခဲ့သည်။

“လာမယ့်နှစ်မှာတော့ ရခိုင်ရယ်၊ စစ်ကိုင်းရယ် ချင်းပြည်နယ်အတွက်ကိုတော့ ဘတ်ဂျတ်တောင်းထားတယ်။ ဒီနှစ်မှာ တိုင်းရင်းသားဘာသာ သင်ကြားပြသဖို့ ဆရာ၊ ဆရာမ တစ်ဦးထက်မက ပိုရဖို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ နောက်တစ်ကြိမ် အစည်းအဝေးပြုလုပ်သွားဖို့ ရှိတယ်။ အဲဒီအစည်းအဝေးလုပ်ပြီးသွားရင်တော့ မူဝါဒ တိတိကျကျထွက်လာမယ်” ဟု ၎င်းက ထပ်လောင် းပြောသည်။

ဇွန် ၂၈ ရက် က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်ခြင်းအခမ်းအနား၌ ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်းတွေကို တိုင်းရင်းသားစာသင်မယ်”ဟု ကရင်ပြည်နယ် မွန်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဘဆွေက ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မွန်၊ ကရင်၊ ကယားပြည်နယ် ၃ ခု တွင် တိုင်းရင်းသားလူမျိုးရေးရာ ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများ၌ ရုံး တည်ဆောက်နေဆဲဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောသည်။

ဘားအံရှိ ညွှန်ကြားရေးမှူးရုံးကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

သတင်း၊ဓာတ်ပုံ
ခေတ်မင်း (ပျားအုံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်