မူးယစ်ဆေးဝါးစွဲသူများအလွယ်တကူဆေးဖြတ်နိုင်ရန် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဆေးရုံကို ၂၀၁၇ ခုနှစ်အတွင်းကျိုက်မရောမြို့နယ်၌တည်ဆောက်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးနေဝင်းကဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

“ကျွန်တော်တို့ မြေနေရာတောင်းထားတော့ ကြာပြီး၊ မြေနေရာရတာနဲ့ စီမံကိန်းစသွားမယ်၊ ပြည်နယ်ရဲမင်းကြီးနဲ့ တွေ့တော့ မြေနေရာချပေးတော့မယ်လို့ ပြောတယ်၊ ဒီနှစ်ဆန်းပိုင်းလောက်မှာစတင်သွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ဆေးရုံတည်ဆောက်နိုင်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့ကကျိုက်မရောမြို့နယ်ရှိအားကစားသိပ္ပံအရှေ့နှင့် အားကစားသိပ္ပံဘေးမြေနေရာများကိုမော်လမြိုင်ခရိုင်ရဲမင်းကြီးအပါအဝင် မြို့နယ်ရဲမှူးတို့နှင့် သွားရောက်ကြည့်ရှုထားကြောင်းဦနေဝင်းကဆိုသည်။

ထို့အပြင် ဆေးရုံတွင် ဆေးဖြတ်သူများအတွက် ကုသဆောင်အပါအဝင် ပိုက်ကျော်ခြင်းကွင်း၊ ဘောလီဘောကွင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းအဆောက်အဦနှင့် ဆေးဖြတ်သူများအတွက် ရာသီစာသီးနှံများစိုက်ပျိုးမည့် မြေနေရာများကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆေးရုံတည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်များကိုမွန်ပြည်နယ် မူယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် တည်ဆောက်မည်ဖြစ်၍ အနယ်နယ် အရပ်ရပ်မှ လာရောက် ကုသမည့်သူများကိုပါ ကုသပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့နောက် ဆေးစွဲသူများအနေဖြင့် ဆေးဖြတ်ရန် လာရောက်ပါကဖမ်းဆီးမှုများမပြုလုပ်ဘဲ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီးအခမဲ့ဆေးဖြတ်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းဦးနေဝင်းကထပ်မံပြောကြားသည်။

“ဆေးစွဲသူတွေအတွက် ဆေးရုံဆောက်တာသိပ်ကောင်းတယ်၊ ဒါပေမယ့် ဆေးကုသသူတွေ လာရောက် ကုသနိုင်အောင် ပညာပေးလုပ်ငန်းတွေ များများလုပ်ဆောင်သွားဖို့ လိုတယ်”ဟုမော်လမြိုင်မြို့ ဒေသခံဦးလှရှိန်ကပြောဆိုသည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများကိုထိထိရောက်ရောက် ဖမ်းဆီးဖို့ လိုအပ်နေပြီး၊ ဖမ်းဆီးရမိသူများကိုကြီးမားသည့် ပြစ်ဒဏ်များချမှတ်သင့်ကြောင်း ၎င်းက ပြောကြားသည်။

Leave a Reply