မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၅ ။ ။ နွေရာသီ ကျောင်းပိတ်ရက်များတွင် မွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ ပန်းချီ အထူးသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် (MANA) ၏ ဥက္ကဋ္ဌ ဦးနေဝင်း ထံမှ သိရသည်။

လူငယ်များ လေးလေးနက်နက်တွေးကာ စဉ်းစားတတ်သည့် အလေ့အထ ရစေချင်သောကြောင့် ပန်းချီ အထူးသင်တန််း (အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေး ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် MANA(မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း) က ပြောသည်။

“ဒီနှစ်မှာ အတန်းကြီးတွေပါ ထည့်ထားပေးတယ်၊ အားလပ်တဲ့ အချိန်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ မကောင်းတဲ့ အပေါင်းအသင်းတွေ နဲ့ သွားလာနေမဲ့ အစား ပန်းဆယ်မျိုးထဲက ပန်းချီဆိုတဲ့ ပညာရပ် တစ်ခုကို တတ်မြောက်ထား ခဲ့မယ်ဆိုရင် ဘဝရဲ့ စီးပွားရေး တစ်ခုအနေနဲ့ အထောက်အကူ ပြုနိုင်ပါတယ်၊ စိ်တ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရသွား နိုင်ပါတယ်”ဟု ဦးနေဝင်းက ပြောသည်။

အဆိုပါသင်တန်းကို မော်လမြိုင်မြို့နယ် ကျောင်းပေါင်းစုံရှိ တတိယတန်း မှ ဒသမတန်းထိ ပန်းချီပညာရပ်ကို ဝါသနာပါသော ကျောင်းသား/ကျောင်းသူများ နှင့် ပြင်ပ ဝါသနာရှင်များလည်း စာရင်းပေးတက်ရောက်နိုင် ကြောင်း ၎င်းကဆိုသည်။

ပန်းချီသင်တန်းတက်ရောက်မည့် သင်တန်းသားများ လိုအပ်သည့် ပုံဆွဲစာအုပ်၊ ပုံဆွဲခဲတံ ၊ ရောင်စုံဗူးများကို MANA အဖွဲ့မှ အခမဲ့ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။

သင်တန်းကာလကို မတ်လ၂၀ ရက်နေ့ မှ ဧပြီလ ၅ ရက်နေ့ ထိ မော်လမြိုင်မြို့မှ ဝါရင့် ပန်းချီပန်းပညာ ရှင်များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း MANA အသင်းမှသိရသည်။

အဆိုပါ သင်တန်းကို တက်ရောက်လိုသူများအနေနှင့် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း သို့ လာရောက်စာရင်းသွင်းပေးနိုင်ကြောင်း ဦးနေဝင်းက ပြောသည်။

Leave a Reply