Advertisements

ဘားအံ ၊ ဇူလိုင်

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းကို ယခင်ထက် ပို၍ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းနှိုးဆော်လိုကြောင်း ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စောချစ်ခင်က ဟင်္သာ မီဒီယာသို့ ပြောသည်။

ဇွန်လ ၂၆ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှှုနှင့် တရားမဝင်ရောင်းဝယ်မှှု တိုက်ဖျက်ရေးနေ့အခမ်းအနားပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဓိက မူးယစ်ရဲ့ ဘဝဆိုးကျိုးကို ခုခေတ်လူငယ်တွေက သေချာသိပြီး ကြောက်တတ်ဖို့ လိုအပ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

အမှတ် ၃၁ မူးယစ်တပ်ဖွဲ့စု၊ မူးယစ်တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ထွန်းထွန်းဦးက မူးယစ်တားဆီးနှိမ်နင်းရေးလုပ်ငန်းတွင် အပိုင်း(၂)ပိုင်း ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ယင်းအခမ်းအနားတွင် ပြောသည်။

ပထမ တစ်ချက်အနေဖြင့် ပြည်နယ်ရှိ တက္ကသိုလ်၊ကောလိပ်၊ အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးကြောင့် ဘဝဆုတ်ယုတ်မှု ရလဒ်ကို ပညာပေးစည်းရုံးခြင်း၊ ဒုတိယအချက်အနေဖြင့် သတင်းရယူ ဖေါ်ထုတ်ဖမ်းဆီးသည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူအများစုမှာ အသက် ၁၈နှစ်အရွယ်မှစကာ ကျားမ အရွယ်မျိုးစုံရှိသည့်ပြင် ယမန်နှစ်၊ ဇွန်လမှ လက်ရှိကာလအထိ ဖမ်းဆီးရမိသည့် တရားခံ ၇၉၉ဦးတွင် အမျိုးသမီး ၁၂၇ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

“ခု လူငယ်အချို့တော်တော်များများကတော့ မူးယစ်ဆေးရဲ့ ဆိုးကျိုးကို သိလာတော့ ခု ဒီ၂၀၁၈ခုမှာ ဖမ်းဆီးခံရမှုတွေ လျော့ကျလာ တယ်”ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၇ – ၂၀၁၈၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းမိသည့် အမှုပေါင်း ၅၂၀ မှုတွင် ကျား ၆၅၂ ဦး၊ မ ၁၂၇ ဦးတို့ ကျူးလွန်ခဲ့ကြကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်းကျော်၊ ထိုးဆေး ၄၀၀၀ လုံး၊ ICE ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစာ ရွက် ၂၄၅၀ ဂရမ် ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းအပြင် မူးယစ်ဆေးဝါးပြစ်မှုနှင့် စပ်လျဉ်း၍ လက်နက်ခဲယမ်းနှင့် ယာဉ်များ ဖမ်းဆီးရမိမှုကိုလည်း ရဲထုတ်ပြန်ချက်အရ သိရသည်။

လက်နက်မျိုးစုံ ၃၁ လက်၊ လက်ပစ်ဗုံး ၂၆ လုံး၊ ကျည်မျိုးစုံ ၄၁၀ တောင့်၊ လက်လုပ်မိုင်း ၁ လုံး ဖမ်းမိကြောင်း၊ မော်တော်ယာဉ် ၇၀ စီး၊ ဆိုင်ကယ် ၁၃၇ စီး၊ မြန်မာငွေ ၁၈၆ သိန်းကျော်၊ ထိုင်းဘတ်ငွေ ၇ သောင်းကျော်တို့ကိုပါ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများက ပြဆိုသည်။

written by စောအယ်လ်ဒီ ကရင်ပြည်နယ်

Advertisements
<

Leave a Reply