မော်လမြိုင်၊ မေ ၂၅

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါများ ထုတ်လုပ်မှုမြှင့်တက်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မေ ၂၂ ရက်နေ့ ပြုလုပ်ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာ မွန်ပြည်နယ်အတွင်းသာမက မြန်မာတစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ မြှင့်တက်နေတယ်။ အဲဒါကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားဌာနဆိုင်တွေနဲ့ပဲ လုပ်လို့မရဘူး။ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်မှရမယ့် ကိစ္စရပ်ဖြစ်တယ်” ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး အတွက် ယင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာဖမ်းဆီးရမိမှု အမှုပေါင်း ၅၈၂ မှု ရှိပြီး ၎င်းနှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းများကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ရှိကြောင်း ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုသည်။

ခေတ်မင်း

Leave a Reply