Advertisements

မော်လမြိုင်၊ မေ ၂၄

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ နယ်မြေရဲစခန်း၌ လွန်ခဲ့သော ၁၄ ရက်ခန့်က မူးယစ်ဆေးဝါးအမှုဖြင့် သိမ်းဆည်းထားသော မော်တော်ယာဉ်အတွင်းမှ ပစ္စတိုတစ်လက်နှင့် ကျည် ၄၉ တောင့် ယနေ့ မေ ၂၄ ရက် နံနက် ၁၁ နာရီခန့်က ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

“တရားခံက သူ့လူတစ်ယောက်ကို ဖမ်းချိတ်တယ်။ ရဲကိုပိုက်ဆံ ၂၅ သိန်းလောက်ပေး ညှိပြီးတော့ ဒီလက်နက်ခဲယမ်းပစ္စည်းလာယူဖို့ ပြောဆိုနေတာကို ဘေးက လုံခြုံရေးကင်းသမားက ကြားသွားတယ်။ ကြားသွားလို့ စခန်းမှူးကိုသတင်းပို့တာ ရှာလိုက်တော့ ကားတံခါးကြားက ထွက်လာတာ” ဟု သက်သေခံပစ္စည်းရှာဖွေရာတွင် ရောက်ရှိနေသော အသိသက်သေ တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

လွန်ခဲ့သော မေ ၁၁ ရက်က ဇော်နိုင် (၃၈ နှစ် ၊ ပုသိမ်မြို့နယ်နေသူ)နှင့် စိုင်းခမ်းကူ (၂၂ နှစ် ၊ မိုင်းရှူးမြို့နယ်နေသူ) တို့နှစ်ဦး မောင်းနှင်စီးနင်းလာသော ယာဉ်ကို မူးယစ်ဆေးဝါးသတင်းအရ သတင်းအရ ပြည်နယ်မှုခင်းအကူဌာနစုနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုအဖွဲ့တို့က ပူးပေါင်းဖမ်းဆီး၍ အမှုဖွင့် အရေးယူသိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ယာဉ်မှာ ယာဉ်အမှတ် 6K/— နံပါတ်ပြားတပ်၊ မော်ဒယ် 2000 MARK II အဖြူရောင်အမျိုးအစားယာဉ် ဖြစ်သည်။

ယခုထပ်မံ ရှာဖွေ သိမ်းဆည်းရမိသည်မှာ ဝဲဘက်တံခါးကြားအတွင်းမှ MODEL 75 CAL 9 PARP 9 MM ပစ္စတို တစ်လက် (ချက်ဇ်ကိုစလိုဗားကီးယား နိုင်ငံထုတ် )နှင့် NCR 9 MM- LUGER စာတမ်းပါ ကျည် ၄၉ တောင့် (ထိုင်းနိုင်ငံထုတ် )တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကနဦး ဖမ်းဆီးရမိစဉ်က “အဲဒီ အမျိုးသားနှစ်ဦးသယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ နီးပါးနဲ့အတူ လိုင်စင်မဲ့ မတ်တူးကားတစ်စီးကိုပါ ဖမ်းဆီးရမိခဲ့တာပါ” ဟု မွန်ပြည်နယ် ဒုစရိုက်မှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဆန်းက ပြောခဲ့သည်။

ယခင် မေ ၁၁ ရက်နေ့က မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ အရ အမှုဖွင့်ထားသော ဇော်နိုင်နှင့် စိုင်းခမ်းကူတို့နှစ်ဦးကို ယနေ့ထပ်မံဖမ်းဆီးရမိမှုအရ (ပ) ၂၅၂ / ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရပါ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သတင်း၊ ဓာတ်ပုံ – ခေတ်မင်း

Advertisements
<

Leave a Reply