မော်လမြိုင် ၊ မေ ၃၁

မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်ဌေးကို မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အမှုတစ်ခုတွင် ဖမ်းဆီးခံရသူများ ထံမှ လာဘ်ယူပြီး ပြန်လည်လွှတ်ပေးခဲ့ဟူသော စွပ်စွဲချက်ဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက စုံးစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းကာ စစ်ဆေးနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ဦးစီးမှူးမြင့်ဝင်း ကပြောကြားသည်။

“ အဲ့ဒီကိစ္စ နဲ့ပတ်သက်ပြီး စုံခုံဖွဲ့ စစ်ဆေးနေတယ်၊ ဒီမှာက ဆုံးဖြတ်လို့မရဘူး၊ ဌာနချုပ်ကို ပြန်တင်ပြသွားရမယ်”ဟု ရဲမှူးမြင့်ဝင်းက ပြောသည်။

မော်လမြိုင်မြို့ ၊ မြိုင်သာယာ ရပ်ကွက် ၂၁ လမ်းတွင်ဖြစ်ပွားခဲ့သော WY မူးယစ်ဆေးဝါး ၅၀၀ ကျော်ဖမ်းဆီး ရမိသည့် ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ လေးဦးထဲမှ သုံးဦးကို လာဘ်ငွေရယူကာ လွတ်ပေးခဲ့ကြောင်း ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် မြိုင်သာယာရဲစခန်းမှူးဟောင်း ရဲအုပ်တင်ထွန်းဦးက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံလိပ်မှုပြီး တိုင်ကြားထားသော စာမှာလူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

ယင်းသို့ တရားခံလွှတ်ပေးမှုကို ခရိုင်နှင့် ပြည်နယ် ရဲတပ်ဖွဲ့ရုံး များသို့တင်ပြရန် ပျက်ကွက်ခဲ့ကြောင်းလည်း အဆိုပါ တိုင်ကြားစာတွင်ဖော်ပြပါရှိသည်။

အဆိုပါ အမှုကို ကိုင်တွယ် စစ်ဆေးခဲ့သော အမှုစစ်ရဲအုပ် တင်ဇော်ဦးနှင့် ရဲအုပ်တင်ထွန်းဦးတို့ကို ရာထူးတိုး ဆိုင်းငံသည့်အပြင် မြိုင်သာယာရဲစခန်း စခန်းမှူးကို ရခိုင်ပုဏ္ဏားကျွန်း အမှုစစ်ဌာနသို့ ပြောင်းရွေ့ထားကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

ထို့အပြင် မြိုင်သာယာ ရဲစခန်းမှူး ရဲအုပ်တင်ထွန်းဦးကို ရခိုင် ပုဏ္ဏားကျွန်း အမှုစစ်ဌာနသို့ ပြောင်းရွေ့ထား ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရဲအုပ်တင်ထွန်းဦး၏ တိုင်ကြားစာတွင် “မိခင်ဌာနမှအရေးယူသည်ကို ကျွန်တော် နားခံရန်အသင့်ရှိသော်လဲ ယခုအမှုဖြစ်စဉ် တလျောက်လုံးတွင် တရားခံမိသားစုနှင့် ရင်းနှီးပတ်သတ်ပြီး၊ ၎င်းတို့ထံမှ လာဘ်ငွေအမြောက်အများ ယူခဲ့ပြီး တရားခံသုံးဦးကို လွှတ်မိန့်ပေးခဲ့သူ ရဲမှူးမြင့်ဌေးတွင်သာ တာဝန်ရှိတယ်” ဟု ဖော်ပြပါရှိသည်။

ယင်းသို့ ခုံရုံးဖွဲ့ စစ်ဆေးခံရခြင်း နှင့်ပတ်သက်၍ ရဲမှူးမြင့်ဌေးထံ မေးမြန်းရာတွင် အဆိုပါ အမှုကို ဥပဒေအတိုင်း သာဆောင်ရွက်ခဲ့ကြောင်းပြန်လည် ဖြေကြားသည်။

ဥပဒေနှင့် ပတ်သတ်ပြီး အမိန့်မပေးခဲ့ကြောင်းနှင့် အထက်အမိန့်အတိုင်းသာ ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်း မော်လမြိုင်မြို့နယ် ရဲမှူးမြင့်ဌေးဆို သည်။

“တရားခံကို လွှတ်ပါ၊ တရားဆွဲပါ ၊ ဆိုတာက ကျွန်တော်တို့က အမိန့်ပေးလို့မရဘူး ခရိုင်ဥပဒေရဲ့ အကြံပြုချက်နှင့် အညီပဲ ဆောင်ရွက်ရတာပါ ” ဟု ရဲမှူးမြင့်ဌေးက ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါဖမ်းဆီးရမိမှုဖြစ်ပွားစဉ်က မြိုင်သာယာရဲစခန်းမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ရဲအုပ်တင်ထွန်းဦးက အဆိုပါတိုင်စာ ကို အသနားခံစာပုံစံဖြင့်တင်ရန်ကြိုးပမ်းခဲ့ပြီး အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

အွန်လိုင်း ပေါ်တွင် ပျံ့နှံခဲ့သည့် အချက်အလက်များသည် မှန်ကုန်သော အချက်အလက်များဖြစ်ကြောင်း ရဲအုပ် တင်ထွန်းဦးက ပြောသည်။

“ကျွန်တော်ကို စစ်ဆေးပြီးပြီ ကျွန်တော်စာနဲ့ တင်ထားတာတော့မရှိဘူး အွန်းလိုင်းမှာပျံ့နေတဲ့ အချက်အလက်တေ မှန်ပါတယ်” ဟု ရဲအုပ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ဖေဖော်ဝါရီလတွင်လည်းမော်လမြိုင် မြို့နယ် ရဲမှူး မြင့်ဌေးက လိုင်စင်မဲ့ယာဉ်ကို စီးနှင်သည့်အတွက် စုံခုံဖွဲ့စစ်ဆေးခြင်း တစ်ကြိမ် ခံထားရကြောင်းလည်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရှိရသည်။

ရန်လင်းအောင်

ဆက်စပ်သတင်းများ

Leave a Reply