မအောင်မြင်တဲ့နိုင်ငံတွေကိုဘယ်လို ပြန်လည်ထူထောင်မလဲဆိုတဲ့ စာအုပ်ကိုရေးသားသူ Ashraf Ghani and Clare Lockhart တို့က မအောင်မြင်တဲ့နိုင်ငံတွေက ပြည်သူတွေရဲ့ခံစားချက်ကိုယခုလိုတင်ပြပါတယ်။

fail-state
စက္ကန့်မလပ်ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးနည်းပညာတွေကြောင့် မအောင်မြင်တဲ့နိုင်ငံတွေက ပြည်သူတွေရဲ့ နားမျက်စိများအောက်ကို အောင်မြင်တဲ့နိုင်ငံတွေက နေ့စဉ်တိုးတက်နေတဲ့ လှုပ်ရှားဖြစ်ပျက် မှုတွေသတင်းအဖြစ်ရောက်ရှိလာတဲ့အခါ မအောင်မြင်သောနိုင်ငံတွေကပြည်သူတွေဟာ မိမိတို့မတည်ငြိမ်မှု၊ မလုံခြုံမှုနဲ့ လူနေမှုဘဝကိုပြည်ပနဲ့ နှိုင်းယှဉ်ပြီး ရှက်စိတ်ကိုခံစားရတယ်လို့ဆိုကြတယ် ။

မအောင်မြင်သောနိုင်ငံများစာရင်း Failed State Index ကိုနှစ်စဉ်ထုတ်ပြန်နေတဲ့ The Fund for Peace အဖွဲ့ကြီးကတော့ နိုင်ငံများရဲ့မအောင်မြင်မှုအတိုင်းအတာကိုသိရှိဖို့ အတွက် အောက်ပါ အချက်အလက်များ အကဲဖြတ်ကြည့်ရှုပါတယ် ။

မညီမျှမှုကိုဖန်တီးနေတဲ့စီးပွားရေးဖွံ့ဖြိုးမှုပုံစံရှိနေသလား

လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား၊ဘာသာတစ်ခုနဲ့တစ်ခုကြား၊ ဒေသတစ်ခုနဲ့တစ်ခုကြား ဆင်းရဲချမ်းသာ ကွာဟမှု အကြီးအကျယ်ရှိနေတဲ့အထဲမှာအစိုးရကအဆင့်အတန်းကွာဟမှုပိုပြီးကျယ်လာအောင်လုပ်ပေးနေသလား။ ဘာတွေကိုကြည့်ပြီး ဒီလိုအဆင့်အတန်းကွာဟမှုပိုဆိုးလာတာကိုသိနိုင်သလဲ။ Gini Coefficient လို့ခေါ်တဲ့ဆင်းရဲချမ်းသာကွာဟမှုပြစနစ် အချမ်းသာဆုံးနိုင်ငံသား ၁၀ရာခိုင် နှုန်းရဲ့ဝင်ငွေအဆင်း ရဲဆုံးနိုင်ငံသား ၁၀ ရာခိုင်နှုန်းရဲ့ဝင်ငွေ မြို့နဲ့တောမှာ အစိုးရကပေးနိုင်တဲ့ အထောက်အပံ့ကွာဟမှု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များတိုးတက်မှုကိုပြည်သူများခံစားနိုင်မှုရှိမရှိ မြို့ပြပျံကျရပ်ကွက် များကြီးထွားလာမှု အစရှိသည် တို့ကိုကြည့်နိုင် ပါတယ်။

ဆင်းရဲမွဲတေမှု နှင့်စီးပွားရေးကျဆင်းနေသလား

ဆင်းရဲရတဲ့အထဲစီးပွားရေးကပိုဆိုးလာတဲ့အခါ ပြည်သူတွေဟာကိုယ့်ဝမ်းကိုယ်ဝအောင်မကျောင်းနိုင်ဘူး။ မုန့်လုံးစက္ကူကပ်တော့ အစိုးရအနေနဲ့ လည်းဒီလိုမွဲတဲ့သူတွေကိုအထောက်အပံ့ပေးနိုင်ဖို့အားလျော့လာတယ်။ ဒီအခါမှာ ချမ်းသာသူနဲ့ဆင်းရဲသူကြားက ပဋိပက္ခဖြစ်နိုင်ခြေပိုကြီးထွားလာတယ်။
(၁) နိုင်ငံကုန်သွယ်ရေးလိုငွေပြမှု
(၂) အစိုးရမှာတင်နေတဲ့အကြွေး
(၃)အလုပ်လက်မဲ့ဦးရေ
(၄)လူငယ်များကိုအလုပ်ခန့်ထားနိုင်မှု
(၅) အများပြည်သူရဲ့ဝယ်ယူစားသုံးနိုင်မှု
(၆) လူတစ်ဦးချင်းစီရဲ့တစ်နှစ် GDP (ကုန်ထုတ်လုပ်မှုတန်ဖိုး)
(၇) GDP တိုးနှုန်း
(၈) ငွေကြေးဖောင်းပွမှုနှုန်း တွေက နိုင်ငံမအောင်မြင်ကြောင်းကိုသိနိုင်တဲ့အချက်အလက်တွေဖြစ်တယ်။

အစိုးရကိုပြည်သူများအသိအမှတ်ပြုလက်ခံလိုမှုရှိရဲ့လား

ပြည်သူနှင့်အစိုးရတွေကြားရှိတဲ့ Social Contract သို့မဟုတ် တစ်ဦးကိုတစ်ဦးနားလည်မှုဆိုတာ ပြည်သူက ကြည်ဖြူစွာရွေးကောက်တင်မြှောက်ထားမှာသာ ဖြစ်တည်နိုင်တဲ့အရာဖြစ်တယ်။ အစိုးရကိုပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်ဘူးဆိုရင်၊ အစိုးရ၏အဂတိလိုက်စားမှုကြီးလွန်းရင်ဒီ ( Social Contract) ကလည်း ပျက်သုဉ်းသွားတော့တယ်။ မအောင်မြင်တဲ့နိုင်ငံတွေမှာ
လာဘ်ပေးလာဘ်ယူမှုကြီးထွားနေတာ ၊ အစိုးရ၏စွမ်းဆောင်ရည်နိမ့်ပါးနေတာ ပြည်သူများနိုင်ငံရေး တွင်ပါဝင်မှုကန့်သတ်ခံရတာ၊ ရွေးကောက်တင်မြှောက်မှုဆိုင်ရာလုပ်ငန်းများမမှန်ကန်တာ ဒီမိုကရေစီ အရည်အသွေး နိမ့်ကျနေတာ၊ တရားမဝင်စီးပွားရေးများနေရာရနေတာ၊ မူးယစ်ဆေးအရောင်းအဝယ်ရှိနေတာ ဆန္ဒပြမှုများ၊ပြည်သူ့တို့၏ဟစ်ကြွေးတောင်းဆိုပွဲများပေါ်ပေါက်နေတာ နိုင်ငံရေးအာဏာလုပွဲတို့ အကျယ် အပြန့်တည်ရှိကြပါတယ် ။

ပြည်သူ့ရေးရာဝန်ဆောင်မှုတွေနိမ့်ကျနေသလား

မအောင်မြင်တဲ့ နိုင်ငံစာရင်းတွင်ထိပ်ဆုံးနားက ပါဝင်တဲ့ နိုင်ငံတွေမှာ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေက အလွန်အမင်းနိမ့်ကျပါတယ်။ အောက်ပါအဖြစ်အပျက်တွေရှိရင် နိုင်ငံတည်မှုအောင်မြင်ဖို့ မလွယ်ကူဘူးလို့ သတ်မှတ်ပါတယ်။

၁။ ရဲဝန်ထမ်းများတာဝန်မကျေနိုင်တော့တာ
၂။ ရာဇဝတ်မှုထူပြောတာ
၃။ကောင်းမွန်သောပညာရေးစနစ်မရှိတာ
၄။စာတတ်မြောက်မှုနည်းပါးကြတာ
၅။သောက်သုံးရေနှင့် သန့်ရှင်းရေးဝန်ဆောင်မှုများအလုံအလောက်မထောက်ပံ့နိုင်တာ
၆။အခြေခံအဆောက်အဦများမပြည့်စုံတာ
၇။ ထိရောက်သောကျန်းမာရေးစောင့်ရှောက်မှုမပံ့ပိုးနိုင်တာ
၈။ ကျယ်ပြန့်သောတယ်လီဖုန်းဆက်သွယ်ရေးစနစ်မရှိတာ
၉။ အင်တာနက်ကိုသုံးစွဲနိုင်မှုအလွန်နည်းပါးတာ
၁၀။လျှပ်စစ်မီးကိုအားမကိုးနိုင်တာ
၁၁။လမ်းများမလုံလောက်တာ တို့ ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခြင်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်းတွေရှိနေသလား
လူ့အခွင့်အရေးကို ချိုးဖောက်ရင် ဒါမှမဟုတ် အချို့နေရာများတွေသာကွက်ကျားအကာအကွယ်ပေးရင် နိုင်ငံတစ်နိုင်ငံကနိုင်ငံသားများအပေါ်ထားရှိရမယ့် အခြေခံအကျဆုံးဝတ္တရားတွေကိုမဖြည့်ဆည်း ပေးနိုင်ခြင်းမည်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်မရှိတာ၊ နိုင်ငံရေးတွင်လွတ်လပ်စွာပါဝင်နိုင်ခွင့်မရှိတာ နိုင်ငံသားတစ်ဦး၏ အခြေခံလွတ် လပ်ခွင့်မရှိတာ၊ လူကုန်ကူးခံရမှုများရှိနေတာ ၊ နိုင်ငံရေးအကျဉ်းသားများရှိနေတာ အကျဉ်းသားအရေအတွက် များနေတာ၊ ကိုးကွယ်ယုံကြည်မှုကြောင့်နှိပ်ကွပ်ခံရခြင်းများရှိနေတာ ၊ ပြည်သူအပေါ်ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေတာ၊ သေဒဏ်ကျခံစေခြင်းများရှိနေတာ..အစရှိသည့်အချက်တွေကိုကြည့်ပြီးနိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကိုသုံးသပ်နိုင်ပါတယ်။

စစ်တပ်တစ်ခုထက်ပိုရှိနေသလား

ပြည်သူ့လုံခြုံရေးကိုတာဝန်ယူရသောအဖွဲ့အစည်းတစ်ခုတည်းရှိမှသာနိုင်ငံသည်တည်ငြိမ်အောင်မြင်မယ်လို့ The Fund for Peace အဖွဲ့ကြီးကဆိုပါတယ်။ နိုင်ငံလုံခြုံရေးကိုကာကွယ်ဖို့အတွက် စစ်တပ်တစ်ခုတည်းပဲရှိ ရမှာဖြစ်ပြီး တပ်ပြိုင်များရှိရင်ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေးတွေ ခြိမ်းခြောက်ခံရဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့ပြင်လုံခြုံခြင်း မရှိတဲ့အခါ ပြည်သူတစ်ဦးကိုတစ်ဦးကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာကြပြီး အကြမ်းဖက်ကြတဲ့ အခြေအနေတွေပိုမိုဖန်တီးလာတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို failed state လို့ခေါ်ဖို့ လုံခြုံရေးကိုခြိမ်း ခြောက်နေတဲ့ အောက်ပါအခြေအနေတွေရှိမရှိ ကိုလေ့လာရပါတယ်။

ပြည်တွင်းအစုအဖွဲ့များကြားပဋိပက္ခများပေါ်ပေါက်နေတာ၊ လက်နက်ကိုင်အဖွဲ့အစည်းငယ်များရှိနေတာ အဓိကရုဏ်းများနှင့်ဆန္ဒပြမှုများရှိနေတာ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့်အကျအဆုံးများရှိနေတာ ၊စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပွားတာ၊ သူပုန်ထနေတာ ၊ စစ်တပ်မဟုတ်တဲ့လက်နက် ကိုင်အဖွဲ့တွေတည်ရှိ နေတာ၊ ဗုံးဖောက်ခွဲမှုတွေဖြစ်နေတာ၊ နိုင်ငံရေးအကျဉ်းသားများရှိနေတာ၊ အီလစ်လို့ ခေါ်ကြတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းတတ်သိအလွှာမှာ ဂိုဏ်းဂဏအကွဲအပြဲတွေရှိနေတာ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံအပေါ်သြဇာညောင်းသူတွေ လက်ချက်နဲ့ နိုင်ငံရေးအရ အဖြေမရှိတဲ့ အကျပ်အတည်း တွေပေါ်ပေါက်လာ ရင်ပဲဖြစ်ဖြစ်၊နိုင်ငံအတွက်အလွန်အန္တရာယ်များတဲ့ မဟာဗျူဟာတွေနဲ့ အာဏာရရှိရေးကစားကွက်များ ဖန်တီး ရင်ပဲဖြစ်ဖြစ် ပဋိပက္ခပွမ်းတဲ့ အခြေအနေတွေဖြစ်ပြီးနိုင်ငံကျရှုံးနိုင်ပါတယ်။

Leave a Reply