နေပြည်တော်၊ အောက်တိုဘာ ၁၂ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ စခန်းသုံးခုအား အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးလျှက်ရှိသည့်အတွက် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဖြစ်စဉ်များအား ထုတ်ပြန် ဖြေကြားနိုင်လိမ့်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

assk

“စုံစမ်းရေးအဖွဲ့သွားတာ အခုထိပြန်မလာသေးဘူး၊ ဒါကြောင့် ကျွန်မတိတိကျကျ မပြောနိုင်သေးဘူး၊ အခု လောလောဆယ် ပြောဖို့ဆိုတာတော့ ခက်ပါတယ်၊ အောက်တိုဘာ ၁၅ ရက် နေ့လောက်ဆိုရင်တော့ ရှာဖွေ တွေ့ရှိချက်ကို သက်ဆိုင်ရာအဖွဲ့ကပြောနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ဟု နယ်သာလန်နိုင်ငံ သတင်း ထောက်မေးခွန်းအား ၄င်းက ဖြေကြားသည်။

နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Bert Koenders နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြား သည်။

“လူ့အခွင့်အရေးဆိုတာ အစိုးရတစ်ရပ်ထဲနဲ့ ကာကွယ်လို့မရပါဘူး၊ ပြည်သူရော အစိုးရပါ အားလုံးပါဝင်ပြီး ထိန်းသိမ်းမှသာ ရပါတယ်၊ လူ့အခွင့်အရေး ပြသနာဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်၊ ကိုယ့်အခွင့်အရေးကလည်း သူတစ်ပါးအခွင့်အရေးကို မထိခိုက်ဖို့လိုပါတယ်၊ လူ့အခွင့်အရေးကို နားလည်ဖို့တော့ အရေးကြီးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မောင်တောခရိုင် အကြမ်းဖက်တိုက်ခိုက်ခံရမှုသည် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု သို့မ ဟုတ် လွတ်လပ်မှု အတွက် လှုပ်ရှားမှုလိုချင်၍ တိုက်ခိုက်မှု စသည့်အကြောင်းအရာများအား တိတိကျကျ စုံစမ်းဖော်ထုတ်သင့် ကြောင်းလည်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“အဓိကရုဏ်းဖြစ်တဲ့ ဒေသခံတွေကို ဆွေးနွေးရမယ်၊ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ အစိုးရ အဖွဲ့တွေနဲ့လည်းတွေ့ဆုံ မေးမြန်းရမယ်၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ တရား ဥပဒေစိုးမိုးမှု စတဲ့အချက်များကို အခြေခံပြီးတော့ ဆွေးနွေးဆောင်ရွက်သင့်တယ်၊ ကျွန်တော်တွေ့တဲ့ အချိန်က တိုတောင်းတဲ့ အတွက် တိတိကျကျ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ အကြံဉာဏ်မပေးနိုင်ပါဘူး” ဟုလည်း နယ်သာလန် နိုင်ငံ ခြားရေးဝန်ကြီးက ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် နယ်သာလန်သံရုံးဖွင့်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပြီး မြန်မာနိုင်ငံအပေါ် ရေအသုံးချမှု၊ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။
Photo – Ko Pauk

Leave a Reply