Advertisements

မင်းပြား၊ အောက်တိုဘာ ၁၂ ရက်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ မောင်တောမြို့နယ်၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ရွာလုံးကျွတ်မီးရှို့ခံခဲ့ရသော ခုံတိုင်(မြိုတိုင်းရင်းသားရွာ)နှင့် ကျောက်ပန်းဒူကမ်းခြေမှ ဟိန္ဒူကျေးရွာတို့အား ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ဘက်နယ်စပ်ဒေသပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့တို့ အစိုးရအဖွဲ့ဝန်ကြီးချုပ်ရုံးခန်းမ၌ အောက်တိုဘာ ၁၁ ရက်၊ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီနေ့တွေ့ဆုံတဲ့အခါ မောင်တောတောင်ပိုင်းက ကျောက်ပန်းဒူမှာ ဟိန္ဒူတွေ အတွက် ရွာတည်ပေးဖို့အစီအစဉ်ရှိတယ်လို့ပြောတယ်။ နောက်ပြီးတော့ ခုံတိုင်ရွာကို ဒီအပါတ်ထဲကစပြီး တစ်အိမ်ကို (၆၅)သိန်းတန်ဖိုးရှိတဲ့ အိမ်တွေဆောက်ပေးတော့မယ်။”ဟု အနောက်ဘက်နယ်စပ် ဒေသ ပြန်လည် တည်ဆောက်ရေးအထောက်အကူပြုကော်မတီမှ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း တဖက်ကမ်းအငူမော်မှ နယ်စပ်တောင်ပြိုအထိ လမ်းဧရိယာကို ပေ(၃၀၀) မှ ပေ(၅၀၀)အထိတိုးချဲ့မည့်အပြင် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးရရှိရေးကိစ္စများကို အနောက်ဘက်နယ်စပ်ဒေသ ပြန်လည်တည်ဆောက်ရေး အထောက်အကူ ပြု ကော်မတီအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လုံခြုံရေးကြောင့် ရွာမှာမနေတော့ပါဘူး။ ရခိုင်ရွာတွေနားမှာပဲ ယာယီတဲနဲ့နေပါမယ်။ အစိုးရက ရွာတည်ပေးရင်လည်း ကားလမ်းဘေး ရခိုင်ရွာနားမှာ ချပေးစေချင်တယ်။”ဟု မြိုတိုင်းရင်းသား ဦးစံထွန်းက ပြောသည်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဒုက္ခသည်များ၏ စားဝတ်နေရေးပြေလည်ရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ တိုင်းရင်းသားများ နယ်မြေစိုးမိုးမူရှိစေရေးတို့ကို အဓိက လုပ်ဆောင်ပေးရန် ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply