ဆရာချွန်
ဇေယျတုသဗ္ဗမင်္ဂလံ။ ။ အချင်းယူဇနာ(၅၀) လုံးဝန်းယူဇနာ(၁၅၀) အတွင်းကားရွှေ၊
အပကား၊ဖလ်အတိ ပြီးသော ရောင်ခြည်တစ်ထောင်ဆောင်သော ဘာနုရာဇာမည်သော
တနင်္ဂနွေဂြိုလ်မင်းသည် တပေါင်းဖြစ် သော မိန်ရာသီ၊ရေဝတီနက္ခတ်၊ စတုတ္ထပါဒ်၊
အဝသာန်နဝင်းမှ တန်ခူးဖြစ်သော မိဿရာသီ၊အဿဝနီ နက္ခတ်၊ပထမပါဒ်
အာဒိနဝင်းထက်သို့ တွက်စစ်ကောဇာ နှစ်သချာင်္ကား ၁၃၈၀
ခုနှစ်နှောင်းတန်ခူးလဆန်း ၁၀ ရက် ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ဧပြီလ ၁၄ ရက်၊
တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေစက် ၅ နာရီ ၂၁ မိနစ် ၄၂
စက္ကန့်၊မြန်မာပဟိုရ် ညနေ ၃ ချက်တီးကျော်၅ နာရီ ၂ပါဒ် ၆ ဗီဇနာ၂၉ခရာ
အချိန် ကန်ရာသီလဂ်၊ ကရကဋ်ရာသီစန်း၊ တနင်္ဂနွေဟောရက်၊
စနေတြင်း၊ဗုဒ္ဓဟူးနဝင်း၊အင်္ဂါဒွွါဒသင်း၊ကြာသာပတေးတိ ံသင်း၊နက္ခ ၁၂ လုံး၊၁
ပါဒ် ၊၁၃ဃဋီ၊၃၄ ဝိဃဋီ၊ ၁၂အနုဃဋီ
ပြည့်ထက်၊လဂ်စီးလျက်၊ထိုနာရီ၏၊ဣဌဘဝါးသော်ကား ၃၀ ဘဝါး ၁၀ လက်သစ် ၂
မုယောတွင် တေတိလကရိုဏ်းနှင့်ယှဉ်လျက်၊ ဘာနုရာဇာမည်သော တနင်္ဂနွေ
ဂြိုဟ်မင်းသည် ကြာဝတ်ဆံအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက်
စပါးကြီးလိုလို တီကောင်လိုလို အားစီး၍၊ လက်တစ်ဖက်တွင်ကား HK
47သေနတ်ကိုင်လျက်၊ ကျန်လက်တစ်ဖက်ကား သပွတ်အူနှင့် စာဗူးတောင်းသိုက်ကို
ကိုင်ကာ ခါးကြားတွင်ကြက်တောင်ချပ်လျက် အရှေ့မြောက် ထောင့်ကသည်၊
အနောက်ကိုဝင်၏။ နန္ဒာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား အာသီ
အမည် ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ကညာဒေဝီနတ်သမီးကား
ခရီးဦးကြိုဆို၍ ရပ်စောင့်နေလျက်လှမ်းလင့်၏။ ဓံသီနတ်သမီးကား
အဖြူ၊အနီ၊အစိမ်း၊အပြာ၊အဝါအား ငါးပါးသောအဆင်းဖြင့်ပြီးသော အဝတ်တန်ဆာတွင်၊
ကြက်သွန်အိတ်ဖြင့် ဖွဲ့လုပ်အပ်သော အဆင်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို
စောင့်လင့်၏။
မိုးဦး၊ မိုးနှောင်းကောင်းအံ့၊ မိုးလယ်တံ့ံအံ့။ သို့တည်းမဟုတ်
ဒေါက်တာထွန်းလွင်၏ ဖေ့စဘုတ်စာမျက်နှာနှင့် မိုး/ဇလ ကြေညာချက်များကို
၀င်ရောက်ကြည့်ရှုနားထောင်လျှင်အေသးစိတ်သိအံ့။ ကောက်ပဲသီးနှံကား
တောင်သူတို့၏ လုံ့လဝီရိယကိုလိုက်၍ အကောင်းအညံံ့ကွဲပြားအံ့၊ ပိုးတောက်တဲ့
ဗောက်ဖတ်များကိုကား ပိုးသတ်ဆေးအမျိုးအစားကိုလိုက်၍
နှိမ်နင်းနိုင်စွမ်းရှိအံ့။ အရွက်၊ အခက်၊ အမြစ်၊ အဖု တို့ကောင်းအံ့။
မီးပေါ့ဆမှုကြောင့် ပြည်ရွာမီးလောင်ဖန်များအံ့။
လူတို့အနာအဖျားများသော်လည်း ဆေးကုမှုစရိတ်မတတ်နိုင်ဖြစ်အံ့။
တနင်္ဂနွေဂြိုဟ်မင်းသည် စပါးကြီးလိုလို တီကောင်လိုလိုအကောင်ကိုစီး၍
ဆင်းသောကြောင့် ကိစ္စအတော် များများတွင် ဟိုလိုလို ဒီလိုလိုဖြင့်
အဆုံးသတ်မှုမရှိဘဲ ဇာတ်လမ်းမျောနေရတတ်အံ့၊ ဘာလိုလို ညာလိုလိုသတ္တဝါကို
စီးနင်း၍ လူ့ပြည်သို့်ဆင်းလာခြင်းကြောင့် မကြာခဏ ကန့်ကွက်သံများ၊
ထောက်ခံသံ များ လူမှုကွန်ရက်ပေါ်တွင် ဆူဆူညံညံရှိအံ့ ၊ ထောက်ခံပွဲ
ကန့်ကွက်ပွဲများလည်း ခေတ်ပေါ် ကူးစက်ရောဂါကဲ့သို့
ရူးကြောင ်မူးကြောင်ဖြစ်ထွန်းလုပ်စားကြအံ့။မၾကာခဏ
ချင်း(ဂျင်း)ထည့်ခံရမှုများကြား ရှုပ်ရှုပ်ထွေးထွေးရှိအံ့။
လက်တစ်ဖက်တွင် HK 47 သေနတ်ကိုင်၍ လူ့ပြည်သို့ဆင်းလာသော
တနင်္ဂနွေဂြိုဟ်မင်း၏ အပြုအမူကြောင့် လက်နက်ကိုင်တိုက်ခိုက်မှုများ
မကြာခဏဖြစ်ပွားတတ်သကဲ့သို့ ထိုးကျွေးခံရမှုများဖြစ်ပွားအံ့။ အ
ချင်းချင်းစိတ်ဝမ်းကွဲပြားအံ့။သပွတ်အူနှင့် စာဗူးတောင်းသိုက်ကို
လက်တစ်ဖက်က ကိုင်ဆောင်လာခြင်းကြောင့် ရှုပ်ထွေးမှု ပိုမိုများပြားလာအံ့။
ထို့ပြင်တဝလည်း အဂတိလိုက်စားမှုကို အရိုးစွဲနေသူများသည် မြင်ခဲ့သော
သာဓကကြောင့် သိုသိုသိပ်သိပ် ပို၍အဂတိလိုက်စားလာကြအံ့။ ကြောက်တတ်လာကြသည့်
အဂတိ လိုက်စားသူအချို့ကား ဘိန်းဖြတ်ထားစ သူတို့ကဲ့သို့ အိပ်မက်ဆိုးများ
မက်ကြလတ္တံ။
ထို့ပြင်တစ်ဝလည်း ယခင်ကထက် နေ့စားထောက်ခံသူများ အခကြေးငွေယူပြီး
ဆန္ဒဖော်ထုတ်သူများကြား မသမာမှုများ ငွေကြေးအမှန်အကန်မရရှိမှုများ၊
ဖြတ်စားလာဘ်စားမှုများ ယခင်ကထက်များပြားလာအံ့။နောက်ထပ်ေရွးကောက်ပွဲ
နီးလာသောကြောင့် တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲပုတ်ခတ်မှုများ ဝေဖန်မှုများ
နှင့် နိုင်ငံရေးအောက်လုံး သုံးစွဲလာမှုများ
ပိုမိုမြင့်မားလာကြအံ့။ထို့အတူ အမျိုးချစ်သူများ လူမျိုးမပျောက်ချင်
သူများ ပိုမိုများပြားလာသော်လည်း စိနတိုင်းသားတို့၏
နားရွက်တံထွေးဆွတ်မှုများ ပိုမိုများပြားလာအံ့။
ထိုနည်းတူစွာ အဂတိမှုကို အနည်းငယ်ဖော်ထုတ်နိုင်ကြသော်လည်း
မူးယစ်ဆေးဝါးအမှုများကား မိုးဦးကျမှိုကဲ့သို့ ဆက်လက်အောင်ပွဲခံနေအံ့။
အရက်ဆိုင်နှင့် လိင်ခန်းများလည်း ဆက်လက်၍ ပန်းပန်နေအံ့ ။(ဤကား
ဦးတုတ်ကြီး သင်္ကြန်အဟောတည်း)
တနင်္ဂနွေဂြိုဟ်မင်းသည် တီကောင်လိုလို စပါးကြီးမြွေလိုလိုအကောင်ကြီးအား
စီးနင်းထားသောကြောင့် နဂါးကို အထွတ်အမြတ်ထားသော စိနတိုင်းသားတို့
ယခုအချိန်မျိုးတွင် မျောက်မီးခဲကိုင်မိသလိုရှိအံ့။ သင်္ကြန်မင်း၏ခါးတွင်
ကြက်တောင်ချပ်လျက်ရှိသော နိမိတ်ပုံအရ အကြပ်ခံရသောကြောင့် ဟိုယောင်
ဒီယောင်နှင့် စွပ်စွဲတိုက်ခိုက်မှုများ၊ ဇဝေဇဝါ နဝေတိမ်တောင်ဖြစ်လာသူ
များပြားအံ့။ အနေအထိုင်မတတ်သူများအား အချုပ်ခန်းနှင့် အကျဉ်းထောင်တို့မှ
ဆွမ်းစားပင့်ဖိတ်အံ့။ နေ့စားထောက်ခံသူများ၊ ဆန္ဒဖော်ထုတ်ပွဲ အငှားလိုက်
သူများ ယခုနှစ်တာစားအံ့။ သို့သော် မကြာခဏ
ငွေးကြေးအမြတ်ထုတ်ခံရမှုများပြားလာအံ့။
လာမည့် ၁၃၈၂ တွင် မိမိအလှည့်ကိုစောင့်လင့်နေသည့် ဓံသီနတ်သမီးသည် အဖြူ၊
အနီ၊ အစိမ်း၊ အဝါ၊ အပြာ၊ ငါးပါးသော အရောင်ရှိသည့် ကြက်သွန်အိတ်ဖြင့်
ဖွဲ့လုပ်အပ်သော အဝတ်တန်ဆာကို ဝတ်ဆင် ထားခြင်းအရ အဖြူအစိမ်းတွဲများ၊ အနီ၊
အဝါ၊ အပြာတွဲများ လွန်စွာတာစားအံ့။ သို့သော်လည်း အဖြူမှာ အစိမ်းနှင့်
တွဲစပ်နေသောကြောင့် အဖြူအစိမ်းတွဲများမှာ မကောင်းသတင်းကျော်စောအံ့။
နှစ်ရောင်တွဲ နိမိတ်ပုံ အရ အရောင်တစ်ရောင်ချင်းနှင့်ပတ်သက်သူများ၊
ထိုနှစ်ရောင်တွဲများ ပင်ပန်းကြအံ့။ အနီရောင်သည် ဗေဒင် သဘောအရ
မီးတောက်ကိုရည်ညွှန်းပြီး၊ အဝါသည် ရေကြည်ကိုဖော်ညွှန်းသောကြောင့်
ထိုနှစ်ရောင်တွဲစပ် သည်ရှိသော် ရေနွေးဖြစ်လာလတ္တံ။
ဓံသီနတ်သမီး၏ ကြက်သွန်အိတ်ကို ဖွဲ့အပ်သော အဝတ်တန်ဆာနိမိတ်ပုံအရ
အပေါ်မလုံ၊ အောက် ဟင်းလင်း လုံမငယ်များပေါများလာအံ့။ ထို့ကြောင့်
အမြင်အာရုံ အားသန်သူများနှင့် မကြာခဏ အအေးမိနှာစေး အပူရှပ်သော
ရောဂါသည်များပြားလာအံ့။ ထိုလုံမငယ်များကို အကြောင်းပြု၍ အရွယ်သုံးပါး အ
မျိုးသမီးများ ကာမတိုက်ခိုက်ခံရမှုများပြားလာၾကအံ့။(ဤကား
ဗရုတ်သုက္ခသင်္ကြန်စာအလိုတည်း)
ဤနှစ်သည် အတာစက္ခုအလိုအရ မာဃနှစ်တည်း။ နှစ်ကို ဝက်စောင့်၏။ ဝက်ကို
လိုင်စင်စီစောင့်၏ ။ လိုင်စင်စီကို လေလံစောင့်၏။ လေလံကို
စည်ပင်စောင့်၏။လကို ကျီးစောင့်၏။ရက်ကို ခွေးစောင့်၏။ ခွေး ကို
ခွေးချစ်တတ်သူ အမည်ခံအချို့စောင့်၏။ အမည်ခံအချို့ကို
ငွေလှူဒါန်းသူတို့စောင့်၏။ ငွေလှူဒါန်းလိုသူ များကို FB စောင့်၏။မြေကို
ဒွန်းစဏ္ဍားစောင့်၏။ ဒွန်းစဏ္ဍားများကို မြေယာပြန်လည်ချထားရေးကော်မတီနှင့်
သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များစောင့်၏။ ထိုသူများကို အဓမ္မအသိမ်းဆည်းခံ
မြေပိုင်ရှင်များစောင့်၏။
ရေကို ကြွက်စောင့်၏။ ကြွက်ကို ဆည်များကစောင့်၏။ ဆည်များကို
ဆည်မြောင်းဝန်ထမ်းများ စောင့်၏။ ဆည်မြောင်းဝန်ထမ်းများကို
ဆင်ခြေဆင်လက်အမျိုးမျိုးကစောင့်၏။ မိုးကို ဝမ်းဘဲစောင့်၏။ ဝမ်းဘဲကို
အစာရောင်းသူများစောင့်၏။ အစာရောင်းသူများကို ဘဲမွေးမြူသူများစောင့်၏။
ဘဲမွေးမြူသူများကို ရောင်းချသူများစောင့်၏။ တောကို ယစ်စောင့်၏။ ယစ်ကို
သစ်ခိုးထုတ်သူနှင့်ငွေယူပြီး မသိကျိုးကျွံပြုသူ များစောင့်၏။
လူတို့၏ အဓိပတိကားမင်း။ အခြေလေးခုတို့၏ အဓိပတိကားတောဝက်။
ငှက်တို့အဓိပတိကား စွန် နှင့် လင်းယုန်။ သစ်ပင်တို့၏ အဓိပတိကား
သစ်ခိုးထုတ်သူများ။ ဝါး တို့၏အဓိပတိကား အဂတိ။ မြက်တို့၏ အဓိပတိကား
မြက်ရဲ။ နက္ခတ်(၁၃)လုံးငုတ်၏။ (၁၄)လုံးပေါ်၏။ မြေသြဇာမရှိ။ မိုးဦး
လယ်နှင့် မိုးနှောင်းတို့ သူ့အခြေအနေတိုင်းသာ ရွာအံ့။ မိုးတွင်း၌
အစဉ်အလာအတိုင်းရေ ကြီးအံ့။ လူတို့အနာအဖျားများအံ့။ ရောဂါ ထူပြောအံ့။
ပုဂ္ဂလိက ဆေးခန်းနှင့်ဆေးရုံတည်ထောင်သူများ ဆရာဝန်များ
နှုတ်ခမ်းမွေးသပ်နေအံ့။
ထိုနှစ်ဖွားသော ကလေးသူငယ်များ အသက်ရှင်လျက်မွေးလျှင် မွွေးမွေးချင်း အူဝဲ
ဟုမြည်ကြွေးလ တ္တံ။ ထိုသူငယ် သူငယ်မများသည် ၂၀၄၀ နှင့် ၂၀၅၀ တို့တွင်
လူကြီးဖြစ်လာအံ့။
၇ နေ့ဖွားတို့အတွက်မူ ယခင်နှစ်များအတိုင်းပင် လုပ်ရင်း
လမ်းပျောက်နေတတ်၏။စိတ်မောရမှုများ ရင်တမမ ဖင်တကြွကြွဖြစ်ရမှုများလည်း
ယခင်အတိုင်းပင်ရှိအံ့။
အထူးယတြာ အနေနှင့် ဝန်ထမ်းများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အောက်ဆိုဒ်၊
အဂတိ၊ ဂါရဝနှင့် မှန်ကန်သည့်ခွင်များကို ရှောင်ကျဉ်ရာ၏။ ယောက္ခမဆီမှ
ရရှိမည့် အမွေကိုသာ မျှော်လင့်ရာ၏။ မိမိတာဝန် များကို အထူးကျေပွန်စွာ
ထမ်းဆောင်ရာ၏။
သာမန်ပြည်သူများအဖို့ အလုပ်ကို သမ္မာအာဇီဝကျကျဖြင့် ငွေရှာရာ၏။
နှစ်လုံး၊သုံးလုံး၊ ဘောလုံး တို့ကို ရှောင်ကျဉ်ရာ၏။
အထူးပြုလုပ်ရန်မှာ ၇ ရက်သားသမီးများအနေနှင့် လမ်းလယ်၊ စျေးလယ်၊ လူထူထူ
အရပ်တို့၌ လုံချည်ခါးတောင်းကျိုက်ပြီး၊ အောင်ပြီ အောင်ပြီ ဟု
လက်သီးလက်မောင်းတန်းပြီးကြွေးေကြာ်ပါလျှင် ကျွေးမွေးချင်သူများပြားလာအံ့။
အမျိုးသမီးများဆိုလျှင် စောင့်ရှောက်ချင်သူများပြားလာအံ့။
အညံ့ အဆိုးများပြေစေရန် ဟုန်းမြစ်သွေးရည်ကို ပဒိုင်းနက်စေ့၊
ခွေးလှေးယားစေ့များရော၍ မိမိ၏ မွေးနံ၏ သီရိအရပ်ကို
မျက်နှာမူသောက်သုံးပေးခြင်းဖြင့် အထူးထင်ရှား မျက်နှာပွင့်
လာဘ်ကောင်းစေအံ့။
ရည်ညွှန်းကိုးကား။ ။ သူရိယသိဒ္ဓန ္တမန္တလေးသင်္ကြန်စာ၊(ဆရာကြီးဦးလှကြိုင်၊ဆရာဦးဘလှိုင် နှင့်မြေး
ဆရာဦးမင်းသိန်းB.Sc(Hon;) HGP
သူရိယသိဒ္ဓန ္တမန္တလေးမဟာသင်္ကြန်စာ(ဆရာကြီးဦးေကျာ်ဌေး)
ဆရာချွန်