Advertisements

မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် ပေ ၃ဝဝဝ ကျော်ကို ညဈေးအဖြစ် လုပ်ဆောင်ရန် အမျိုးသားခရီးသွားလုပ်ငန်းဦးစီးဌာနသို့ စာတင်ထားပြီး ခွင့်ပြုချက်ကျလာပါက ချက်ချင်းဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဦးချန်ထွန်းက ပြောကြားသည်။

ညဈေးပြုလုပ်ရန်အတွက် စက်တင်ဘာလအတွင်း၌ ဟိုတယ်လုပ်ငန်းရှင်များအသင်း (နေပြည်တော်)မှတစ်ဆင့် အမျိုးသား ခရီးသွားလုပ်ငန်းဦးစီးဌာနသို့ စာတင်ထားကြောင်း ဆက်လက်ပြောသည်။

“ကျွန်တော်တို့က ပြည်နယ်ခရီးသွားလုပ်ငန်း အရှိန်မြင့်လာအောင် ကြိုးစားနေတာပေါ့နော်၊ အစိုးရဘက်က လည်း ပူးပေါင်းပါဝင်ပြီး ကျွန်တော်တို့ကို သိန်း၃ဝဝ လောက် ထောက်ပံ့ဖို့ တောင်းထားတယ်၊ ကျန်တာ ကျွန်တော်တို့ငွေနဲ့ လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ပြည်နယ်အစိုးရဘက်မှလည်း ခရီးသွားလုပ်ငန်း တိုးတက်စေရန် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပေးစေလိုပြီး ကမ်းနားလမ်း ပိုမိုသန့်ရှင်းလှပစေရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ကမ်းနားလမ်း ညဈေး ပြုလုပ်ပြီးပါက စိတ်ဝင်စားသောမည်သူမဆို ဈေးရောင်းချနိုင်ရန်နှင့် လျှပ်စစ်မီးများ ပိုမိုထွန်းလင်းထားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သောနေရာ ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦချန်ထွန်းက ဆိုသည်။

ပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်တွေ့လုပ်ဆောင်နေသော လုပ်ငန်းရှင်များကို အစိုးရအနေဖြင့် မြေနေရာများ ပေးသင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင် ဦးမိုးကျော်က ပြောကြားသည်။

“ခရီးသွားဖွံ့ဖြိုးရေးအတွက် တကယ်လုပ်ဆောင်နိုင်မယ့်သူတွေကို အစိုးရဘက်က မြေနေရာတွေ ပေးနိုင်ရင်တော့ တော်တော်လေးကို အဆင်ပြေပါတယ်”ဟု ၎င်းက ပြောသည်။

ယခင်နှစ်ပွဲတော်ရက်များတွင် မော်လမြိုင်မြို့သည် အစည်ကားဆုံးဖြစ်သော်လည်း ယခုနှစ် ပွဲတော်ရက်များတွင် မော်လမြိုင်မြို့၌ ပြည်တွ်းပြည်ပ ခရီးသွားများ လာရောက်မှု နည်းပါးနေကြောင်း ဦးချန်ထွန်းက ပြောဆိုသည်။

ထိုက်ထိုက်

Leave a Reply