Advertisements

မော်လမြိုင်ကျွန်း၊ အောက်တိုဘာ ၁၆ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ငါးမြွေထိုးခြောက် ပြုလုပ်သည့် ငါးကုန်ကြမ်းများ ရှားပါးလာမှုကြောင့် ငါးမြွေထိုးခြောက်ရောင်းဝယ်ရေးလုပ်ငန်းများ ရပ်နားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ငါးမြွေထိုးခြောက် သီးသန့်ပြုလုပ်ရောင်းချသူများထံမှ သိရှိရသည်။
”ငါးခြောက်တွေကတော့ သီတင်းကျွတ်ကာလမတိုင်မီထဲကနေ အခုအထိ ရောင်းအားလျော့ကျမသွားပါဘူး။ နွေဖက်ရောက်လာလေ ပိုရောင်းအားတက်လာလေပါပဲ။

ငါးခြောက်လုပ်ဖို့ကုန်ကြမ်းက အရင်ရက်လောက် မတက်တော့ဘူး။ အခုရက်ပိုင်း တစ်နေ့နဲ့တစ်နေ့ ပိုဆိုးလာနေတယ်။ ရက်ဆက် ငါးအစိမ်းကုန်ကြမ်းမရရင်တော့ လုပ်ငန်းစောစောရပ်နားရမယ့်သဘောဖြစ်နေပါတယ်။”ဟု ငါးမြွေထိုးခြောက် သီးသန့်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဌေးရီက ပြောသည်။

မော်လမြိုင်ကျွန်းတွင် သီတင်းကျွတ်ကာလ၊ တန်ဆောင်မုန်းကာလများတွင် အလှူ၊ ကထိန်ပွဲများကြောင့် ငါး ခြောက်ဝယ်လိုအားမြင့်တက်နေပြီး အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်အထိ မိုးရက်ဆက်ရွာသွန်းခဲ့ကာ ငါးဖမ်း ဆီးရမိမှု လျော့နည်းလာခြင်းဖြစ်သည်။

ငါးမြွေထိုး ဖမ်းဆီးသူများသည် ယခင်က တစ်ရက်လျှင် (၃)ပိဿာမှ (၇)ပိဿာအထိ ရရှိကြသော်လည်း အောက်တိုဘာလဆန်းမှ စတင်၍ တစ်ပိဿာခန့်သာ ဖမ်းဆီးရမိတော့ကြောင်း သိရသည်။

”ဘာတတ်နိုင်မလဲဗျာ။ ရေထဲမှာနေတဲ့ သတ္တဝါဆိုတော့လည်း ရသရွေ့ဖမ်းနေရတာပါပဲ။ ငါးသိပ်မရပေမယ့် လည်း ဆက်လုပ်နေရဦးမှာပါ။ ကိုယ့်မှာက ဒီအလုပ်ပဲရှိတာလေ။ အရင်ရက်က ရှာဖွေထားတာလေးတွေက လည်း တစ်နေ့လုပ်တစ်နေ့စားဆိုတော့ စုဖို့၊ ဆောင်းဖို့ ဘယ်ရမလဲဗျာ။ ဒီနှစ်အတွင်းမှာ ငါးဖမ်း မရတာ ပထမ ဆုံးပါပဲ။”ဟု ငါးမြွေထိုးဖမ်းသူ ကိုအောင်စိုးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဂုဏ်ညှင်းတန်း၊ ခြောက်အိမ်တန်း၊ ပိုက်ချက်၊ ကြက်ဆိပ်၊ တောင်သလယ်၊ မဘေးနှင့် ရွှေဝါကျွန်းစသည့် ကျေးရွာများမှာ ငါးဖမ်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply