မွန်ပြည်နယ်၊မော်လမြိုင်ထွက် ကျွဲကောသီးဈေးများ ယခင်နှစ်ထက် နှစ်ဆနီးပါး ဈေးမြင့်တက် လျက်ရှိကြောင်း မော်လမြိုင်မြို့အခြေစိုက် ကျွဲကောသီးရောင်းဝယ်ရေးလုပ်ငန်းများထံမှ သိရသည်။

pomelo

ယခင်နှစ်များက ကျွဲကောသီးအလုံးကြီး အလုံးသန့် တစ်လုံးလျှင် ရောင်းဈေး ၂၀ဝ၀ ကျပ်သာရှိရာမှ ယခုနှစ်တွင် ၃၅၀ဝ မှ ၄၀ဝ၀ ကျပ်ဝန်းကျင်အထိ ရှိနေကြောင်း မော်လမြိုင်မြို့၊ ရခိုင်ကုန်း ရပ်ကွက်မှ ကျွဲကောခြံပိုင်ရှင် ဒေါ်ရှီးက ရှင်းပြသည်။

အထွက်နှုန်းကျဆင်းခြင်းကြောင့် ယခုနှစ်တွင် ကျွဲကောသီးဈေးများ မြင့်တက်ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့အခြေစိုက် သီးနှံရောင်းဝယ်ရေးလုပ်ငန်းများနှင့် ကျွဲကောခြံများထံမှ သိရသည်။

“ကျွန်မတို့ ခြံကအရင်နှစ်ကဆိုရင် ကျွဲကောသီးအရမ်းထွက်တယ်” ဟု ဒေါ်ရှီးက ဆိုသည်။

အပူရှိန်လွန်ကဲခြင်းနှင့် အသီးအများအပြားထွက်သော အချိန်တွင် ပိုးများကျရောက်ခြင်းတို့ ကြောင့် ယခုနှစ်တွင် ပုံမှန်ထက် ကျွဲကောသီးအထွက်နှုန်းလျော့ရခြင်းဖြစ်ကြောင်း မော်မော်သစ်သီး ရောင်းဝယ်ရေးဆိုင်မှ ဦးစိုးညွန့်က ပြောကြားသည်။

“ဒီနှစ်ထူးဆန်းတာက နွေတုန်းကအရမ်းပူထားတယ်၊ အသီးထွက်တဲ့အခါမှာလည်း ပိုးကျတဲ့အတွက် အားလုံးပုတ်ကုန်တယ်”ဟု ၎င်းက ရှင်းပြသည်။

လတ်တလောတွင် မော်လမြိုင်ထွက်ကျွဲကောသီးများအားလုံးဈေးမြင့်တက်နေခြင်းဖြစ်ပြီး ယခင်နှစ်က ၁၅၀ဝ ကျပ်သာရှိသော ကျွဲကောသီးမှာလည်းတစ်လုံးလျှင် ကျပ် ၃၀ဝ၀ နီးပါး ပေါက်ဈေးရှိနေကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

မော်လမြိုင်မြို့ရှိခြံများမှ ထွက်ရှိသော ကျွဲကောသီးများကို မွန်ပြည်နယ်အတွင်းသာမက ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

Leave a Reply