မော်လမြိုင်၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၂၆၀ ရှိသည့်အနက် အုပ်ချုပ်ရေးမှူးလောင်း ရွေးချယ်ပြီးစီးခဲ့ရာ ဇန်နဝါရီ ၂၈ ရက်ထိ အနိုင်ရ အမျိုးသမီး အုပ်ချုပ်ရေးမှူးလောင်း တစ်ဦးသာ ပါဝင်ခဲ့ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက ပြောသည်။
မြို့နယ်များမှ ခရိုင်သို့ ထောက်ခံအတည်ပြုပြီး တင်ပြလာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးလောင်း ၂၅၂ ဦးရှိကြောင်းနှင့် ရေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလောင်းရှစ်ဦး ကျန်ရှိနေသဖြင့် ဆက်လက်ရွေးချယ် လျက်ရှိကြောင်း ၎င်းက ဆိုသည်။
မော်လမြိုင်ခရိုင်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလောင်း ရွေးချယ်ရာတွင် ၉၇ ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ကြောင်း ဦးဘုန်းမြတ်သူက ပြောဆိုသည်။
မော်လမြိုင်ခရိုင်တွင် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် တို့ပါဝင်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းအရ သိရသည်။