မော်လမြိုင်ခရိုင်အတွင်း ထုတ်လုပ် ရောင်းချလျက်ရှိသည့် သောက်ရေသန့်များကို သန့်စင်မှုရှိ၊ မရှိ စစ်ဆေးရန်အတွက် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မော်လမြိုင်ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင် က ပြောကြားသည်။

“သောက်ရေသန့်တွေကို ပြည်သူတွေအနေနဲ့ သန့်သန့်ရှင်းရှင်း သောက်နိုင်ဖို့အတွက် ဒီအဖွဲ့ဖွဲ့ပြီး စစ်ဆေးတာဖြစ်တယ်၊ ကျန်းမာရေး မထိခိုက်အောင် အဲ့ဒါကို အလေးထားပြီး ကျွန်တော်တို့ လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။

 အဆိုပါ ပူးပေါင်းအဖွဲ့ကို မေ ၃၀ ရက်က ကျင်းပသော မော်လမြိုင်ခရိုင် စားသုံးသူအငြင်းပွားဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးခင်အောင်လွင်က ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ သောက်ရေသန့်များတွင် အမှုန်များ ပါဝင်ကြောင်းကို တင်ပြလာသည့်အတွက်ကြောင့် ကွင်းဆင်းစစ်ဆေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

 “ပြည်သူလူထုက တင်ပြတယ်၊ ရေသန့်တွေမသန့်တော့ဘူး အထဲထဲမှာ အမှုန်တွေလည်းပါလာတယ်။ ဒါကို စစ်ဆေးဆောင်ရွက်ပေးဖို့ ပြောလာတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် FDA ထောက်ခံချက်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်တံဆိပ်ပေါင်း ၃၄ ခု ရှိကြောင်း ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်

Written by – အဂ္ဂနန်

Leave a Reply