မော်လမြိုင်ဆေးရုံကြီးမှာ….အခမဲ့ရနိုင်တဲ့-မရနိုင်မယ့် အရာတွေ

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဆိုင်ကယ်ရပ်နားရန် ယာဉ်အပ်နှံခအဖြစ် ငွေကျပ် ၂၀၀ ကုန်ကျနိုင်သည့် ဆေးရုံတွင် အခမဲ့ ရယူနိုင်သော ဆေးနှင့် ဆေးပစ္စည်းအချို့ကလည်း အသေအချာ ရှိနေပါသည်။

 

အခမဲ့ရနိုင်တာ/မရနိုင်တာ

“နိုင်ငံတော်က ပေးတဲ့ ဆေးတွေနဲ့ ဆေးကုမ္ပဏီတွေက ကျွန်တော်တို့ တင်ဒါခေါ် ဝယ်ယူထားတဲ့ ဆေးတွေကို အခမဲ့ပေးတယ်။ မရှိတဲ့ ဆေးတွေကိုတော့ ဝယ်ရမှာဖြစ်တယ်” ဟု မော်လမြိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။
ဗဟိုဆေးသိုလှောင်ရေးဌာနမှ ပေးပို့လာသောဆေးဝါးများနှင့် ဝန်ကြီးဌာနက ချထားပေးသည့် ဆေးဝါးဝယ်ယူရေး ဘတ်ဂျက်မှတစ်ဆင့် ဝယ်ယူရရှိထားသော ဆေးဝါးများကို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အသုံးပြုပေးနေကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။

လတ်တလောအခြေအနေတွင် ဆေးကုမ္ပဏီများထံမှ ဒုတိယအကြိမ် တင်ဒါခေါ် ဝယ်ယူထားသော သောက်ဆေး ၂၁ မျိုး၊ ထိုးဆေး ၂၉ မျိုး၊ သောက်ဆေးရည်/ အမှုန့်/ လိမ်းဆေး ၁၇ မျိုးကို အခမဲ့ ရယူရန် အခွင့်ရှိနေကြောင်း သိရသည်။
ယင်းအပြင် ပတ်တီး၊ ဂွမ်း၊ ဆေးထိုးအပ်၊ နှာခေါင်းစည်း အပါအဝင် ဆေးရုံသုံးပစ္စည်း ၄၇ မျိုးဖြင့် ကုသမှု အထောက်အကူပစ္စည်း အခမဲ့ပေးသည်ဟု ထပ်မံသိရသည်။

ဓာတ်မှန်ဌာနအတွက် ဆေးနှင့် ဆေးပစ္စည်း၆ မျိုး၊ ဓာတ်ခွဲဌာနအတွက် ၁၂၈ မျိုးကိုလည်း ပံ့ပိုးပေးထားသည်သာမက ပဋိဇီဝဆေးဝါးများကိုလည်း အခါအားလျော်စွာ ပေးဝေလျက်ရှိကြောင်း ဒေါက်တာကျော်မြင့်က ပြောသည်။

ဆေးရုံတွင် ရှိနေသည့် ဆေးဝါးကို အခမဲ့ ရယူခွင့်မှာ အတွင်းလူနာအဖြစ် လာရောက်၍ ကုသမှု ခံယူနေသူများသာမက မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရကာ ပြင်ပမှ ရောက်လာသူများလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။

“လူနာတွေအတွက်တော့ အားလုံး အခမဲ့ မဖြစ်နိုင်ဘူး။ လူနာတစ်ယောက်က သူ ဆေး ၅ မျိုး လိုတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ရှိတဲ့ ဆေးက နှစ်မျိုးဖြစ်ရင် ဖြစ်မယ်၊ သုံးမျိုး ဖြစ်ရင်ဖြစ်မယ်။ ကျန်တာတော့ သူတို့ဘာသာ သူတို့ ဝယ်ရတာ ရှိမယ်”ဟုလည်း ဆေးရုံအုပ်ကြီးက ဖြည့်စွက်ပြောခဲ့သည်။

ထို့အတူ ရောဂါရှာဖွေရေးကဏ္ဍတွင် ဆီးစစ်၊ သွေးစစ်၊ သလိပ်စစ်ခြင်း စသည်တို့အတွက် ဓာတ်ခွဲခန်းနှင့် လာရောက်ဆက်သွယ်သည်မှအစ၊ ဆေးဝါးကုသရေးကဏ္ဍတွင် ဓာတ်မှန်၊ အယ်လ်ထရာဆောင်း ရိုက်၊ အသက်ရှူ အောက်ဆီဂျင်အိုး စသည်တို့အလယ်၊ သေဆုံးမှုရှိခဲ့လျှင် ရင်ခွဲရုံကိစ္စအဆုံး ဌာနအလိုက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းကို ညွှန်ကြားထားခြင်း လုံးဝမရှိကြောင်း ဒေါက်တာကျော်မြင့်က ဟင်္သာကို အခိုင်အမာ ပြောကြားခဲ့သည်။

ခွဲစိတ်ခန်းဝင်ရသည့် လူနာများအတွက်လည်း ခွဲစိတ်ကုသစရိတ် အခမဲ့ဖြစ်ပြီး ဆေးရုံကြီးအတွင်း မရှိသည့် ဆေးဝါးပစ္စည်းအချို့ကိုသာ လူနာအနေဖြင့် မိမိစရိတ်ဖြင့်အကုန်ကျခံ ဝယ်ယူရမည်ဟု ဆိုသည်။ ထို့ပြင်အတွင်းလူနာသာမက မှုခင်းပိုင်းနှင့် စပ်လျဉ်းသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့ကို ဆေးစစ်ချက်များကိုလည်း အခမဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။

“ကျွန်တော်တို့ ဆေးရုံမှာ အလှူခံထည့်ဖို့ ဘယ်နေရာဌာနကိုမှ ညွှန်ကြားထားတာမရှိပါဘူး။ ငွေကြေးလည်း တရားဝင် မတောင်းခိုင်းထားဘူး” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က အတည်ပြုပြောဆိုခဲ့သည်။

စရိတ်မျှပေး

ပြင်ပလူနာနှင့် Follow up (နောက်တစ်ကြိမ် ပြန်လည် ကျန်းမာရေးစစ်ဆေးရန်) ထပ်မံလာရောက်ပြသသူ လူနာများကိုမူ ပြင်ပ အထူးကုသဆောင်တွင် စရိတ်မျှပေး ကျန်းမာရေး စနစ်ဖြင့် ကုသမှုခံယူရန် စီမံလုပ်ဆောင်ထားကြောင်း ၎င်းက ဆိုသည်။

“စရိတ်မျှပေးဆိုတာက ဆေးပစ္စည်းတစ်မျိုးအတွက် သက်မှတ်တဲ့ တန်ဖိုးကိုတွက်လိုက်တာပေါ့။ ဥပမာ သွေး တစ်ခုခု စစ်တယ်ဆိုလို့ရှိရင် သွေးစစ်ခ ၅၀၀ ကျပ်လို့ သတ်မှတ်လိုက်တယ်ဆိုရင် အရင်းက ၃၀၀ ဖြစ်မယ်၊ အမြတ်က ၂၀၀ ကျပ်ပေါ့။ အရင်း ၃၀၀ ကို ဒီပစ္စည်း ပြန်ဝယ်ဖို့အတွက်၊ ကျန်တဲ့ အမြတ် ၂၀၀ ကို ဆေးဘဏ်အကောင့်မှာ ထည့်လိုက်တယ်” ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ဒီမှာဝယ်ပါ

ယင်းအပြင် ဒေါက်တာကျော်မြင့်ထံမှဆက်လက်သိရသည်မှာ လိုအပ်သောဆေးများကို ဆေးရုံအထောက် အကူပြုဆေးဆိုင်၌ဝယ်ယူခြင်းဖြင့် မသမာမှုများ၊ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရှောင်ရှားနိုင်မည်ဟူသော ကိစ္စ ဖြစ်၏။

“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ခုတင် ၂၀၀ နဲ့ အထက် ဆေးရုံကြီးတွေမှာ ဆေးရုံအထောက်အကူပြု ဆေးဆိုင်ဖွင့်လှစ်ရောင်းချပေးဖို့ ၂၀၁၇ ခုနှစ် မေလ ကတည်းက ညွှန်ကြားထားတယ်။ ဒီလိုဆေးရုံအထောက်အကူပြု ဆေးဆိုင်မှာက အဓိက ဈေးနှုန်းမှန်တယ်။ ဈေးသက်သာတယ်။ ဘာလို့လည်း ကွန်ပျူတာစနစ်နဲ့ပြုလုပ်ထားတယ်။ ဆေးကုမ္ပဏီက ဝယ်ယူတဲ့ ဈေးနှုန်းထက် အမြတ် ၁၀ ရာခိုင်နှုန်းသာ တင်ရောင်းထားတာပါ။ အလွယ်တကူဝယ်ယူနိုင်တယ်။ ဆေးအရည်အသွေးပြည့်မီတယ်”ဟု ၎င်းကဆိုသည်။

ဘတ်ဂျက်

“မော်လမြိုင်ဆေးရုံကြီးအတွက် ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက် နှစ်ကြိမ် ချထားပေးတယ်”ဟု ၎င်းကဆိုသည်။
ယင်းနှစ်က ပထမအကြိမ်တွင် ကျပ်သိန်း ၄,၈၀၀ ၊ ဒုတိယအကြိမ်တွင် ကျပ် သိန်း ၂,၆၀၀ ၊ ပေါင်း ကျပ် သိန်းပေါင်း ၇,၄၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လတ်တလောတွင် ဆေးကုသစရိတ်အရန် သုံးစွဲရန် ဆေးရုံပိုင် ဆေးပဒေသာပင်အတွက် ထည့်ဝင်လှူဒါန်းမှု အစုစုမှ အတိုးအရင်းပေါင်း ကျပ် သိန်း ၆၃၀ နီးပါး ရှိနေသည်ဟုလည်း ထပ်မံသိရှိရသည်။
အဆိုပါ ငွေကြေးပမာဏဖြင့် လည်ပတ်သုံးစွဲခဲ့သည့် ၂၀၁၇ တွင် ပြင်ပလူနာ ၅၅၀၀၀ ကျော်၊ အတွင်းလူနာ ၂၁၀၀၀ ကျော် လက်ခံကုသပေးခဲ့ကြောင်း စာရင်းဇယား၌ ပြဆိုသည်။
တစ်နှစ်တာအတွင်း သေဆုံးသည့် လူနာ အရေအတွက်မှာ ၃၄၆ ဦး ရှိခဲ့သည်။

ဝန်ထမ်းအင်အား
ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အတွင်းလူနာ ၃၅၀ ဦးခန့် ရှိနေပြီး ပြင်ပလူနာမှာ ဦးရေ ၂၅၀ ဝန်းကျင် နေ့စဉ် လာရောက်ကုသမှုခံယူနေသော ယင်းဆေးရုံတွင် ဝန်ထမ်းအင်အား ၃၂၈ နေရာ လစ်လပ်နေကြောင်း သိရသည်။
အထူးကု ဆရာဝန်ကြီး ၃၄ နေရာ ခန့်ထားခွင့်ပြုသော်လည်း ၁၃ ဦးသာရှိပြီး ၂၁ နေရာ လစ်လပ်နေသည်။ အထူးကုဆရာဝန် ၇၄ နေရာ ခွင့်ပြုထားရာတွင် ၆၁ နေရာ မခန့်ထားနိုင်သေး။
သူနာပြု ၂၆၃ ဦး ခွင့်ပြုထားသည့်တိုင် ၁၄၁ ဦးသာ ရှိသေး၍ ၅၀%နီးပါးလိုအပ်နေသေးကြောင်း ဟင်္သာက လေ့လာတွေ့ရှိရသည်။
ဝန်ထမ်းအင်အား စုစုပေါင်း တရားဝင် ခွင့်ပြုအရေအတွက် ၈၈၂ ဦးရှိသည်ကို ၅၅၄ ဦး ခန့်ထားပြီးဖြစ်၍ လစ်လပ်နေသည့် နေရာ ၃၂၈ ရှိနေသည်။ ဆေးရုံအုပ်ကြီး၏ အဆိုအရ နေ့စားဝန်ထမ်း ၃၃ ဦးခန့်အပ်၍ လိုအပ်ချက်ကို ဖြည့်ဆည်းထားရင်း အတတ်နိုင်ဆုံးစီမံနေကြောင်းသိရသည်။

အထွေထွေ
အခြေခံအကျဆုံးကဏ္ဍဖြစ်သည့် အဆောင်တွင်းပြင်သန့်ရှင်းရေးကို ကြည့်ရလျှင် အတွင်းလူနာနှင့် ပြင်ပလူနာပေါင်း ၆၀၀ ဝန်းကျင်နှင့်အတူ လာရောက်သည့် လူနာစောင့် ၆၀၀ ကျော် ရှိသည်ဟုသိရသော ထိုနေရာတွင် စွန့်ပစ်အမှိုက်ပမာဏနှင့် သန့်ရှင်းရေး နေ့စားဝန်ထမ်း ၃၃ ယောက်၏ လုပ်အား အခြေအနေကို မြင်ယောင်ကြည့်ရုံဖြင့် အဖြေတွေ့နိုင်ပါသည်။

“အတွင်းလူနာတစ်ဦးကို လူနာစောင့် ၂ ယောက် ၃ ယောက်ရှိတော့ လူနာစောင့်က ၅၀၀ အထက်မှာရှိနေတယ်။ ပြောရမယ်ဆိုရင် လူ ၁၀၀၀ ကျော်လောက်ရဲ့ အမှိုက်တွေကို ဆောင်ရွက်နေရတာဖြစ်တယ်”ဟု ဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဆေးရုံအတွင်း ဝင်ရောက်ရောင်းချတတ်သော ဈေးသည်များနှင့် အကြောင်းကြောင်းကြောင့် မကြားဝံ့မနာသာ အော်ဟစ်ရန်ဖြစ်ရသည့် အခိုက်အတန့်များလည်း ရှိနေရကြောင်း သူနာပြုဆရာမ ဒေါ်ချိုချို(အမည်လွှဲ)က ဟင်္သာကို ညည်းညူပြောပြသည်။

“ကျန်းမာရေးဌာနဖြစ်တော့လည်း ကျန်တဲ့အရေးထက် အဲဒါကို ခဏပစ်ချခဲ့ပြီး ကုသရေးပိုင်းကိုပဲ ဦးစားပေး အားစိုက်လိုက်ရတာမျိုးတွေ ခဏခဏ ရှိနေတယ်”ဟု ဆေးရုံမှ တာဝန်ရှိပုဂ္ဂိုလ် ဒေါက်တာ မင်းဗညားချမ်းအိုင်းက ဟင်္သာသို့ ပြောသည်။

ပြည်သူ့ဘက်က ပြင်စေချင်တာ
ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ငွေကသူ့အတွေ့အကြုံကို ယခုလိုပြောသည်။ သူသည် ယာဉ်မတော်တဆမှုကြောင့် ဇွန် ၃၀ ရက်နေ့က မော်လမြိုင်ဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင်၌ ဆေးရုံတက်ရောက်ကုသမှုခံယူစဉ် သေဆုံးခဲ့သော ရုပ်အလောင်းတစ်ခုကို သုသာန်သို့ ပြောင်းရွှေ့ပို့ဆောင်ရန် စီစဉ်စဉ် အခက်အခဲကြုံခဲ့ရသူဖြစ်၏။

ဇူလိုင် ၁ ရက် နံနက် ၁၁ နာရီခွဲတွင် ရင်ခွဲရုံ (အသေတိုက်) သို့ လာရောက်ထုတ်ယူခဲ့ရာတွင် မှုခင်းဆရာဝန်ကြီး နားရက်ဖြစ်သည့်အတွက် အလောင်း ထုတ်ယူခွင့်မရရှိခဲ့၍ဖြစ်၏။

“အဲဒီမှာရှိတဲ့ အလုပ်သမားဝန်ထမ်းတွေက သူ့နိုင်ငံသားမဟုတ်သလိုပဲ။ ဒီအတိုင်းငုတ်တုတ်ကြီး ထိုင်နေတယ်။ နာရေး အလောင်းသွားထုတ်တဲ့ဟာ ပိုက်ဆံမရလို့ပဲ ဖြစ်သလား၊ ကိုယ့်နိုင်ငံသား မရှိဆင်းရဲသားဖြစ်နေလို့ မကူညီတာလားဆိုပြီး ခံစားခဲ့ကြရတယ်” ဟု ဟင်္သာသို့ ပြောသည်။

မှုခင်းဘက်ဆိုင်ရာဆရာဝန်ကြီး ဒေါက်တာ သန့်ကျော်က “ဆေးရုံအုပ်ကြီးရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တစ်ပတ်မှာ ဒီတနင်္ဂနွေနေ့ တစ်ရက်နားဖို့ သတ်မှတ်ပေးထားတာပါ”ဟု ပြောသည်။

သို့ရာတွင် မှုခင်းနှင့် သက်ဆိုင်သဖြင့် စစ်ဆေးရမည်ဖြစ်၍ နောက်တစ်နေ့မှ လာရောက်ထုတ်ယူရန် ဇူလိုင် ၂ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း၊ အလှူငွေထည့်ရန် ပြောဆိုခဲ့သဖြင့် ငွေ ၂၀,၀၀၀ ကျပ်ကို ပေးအပ်ခဲ့ရကြောင်း အထက်ပါကျေးရွာအုပ်ချုပ်ရေးမှူးက ဟင်္သာကို ပြောခဲ့သည်။

မကြာခဏ ဆေးရုံတက်ကုသနေရသည့် သားသည်အဖေဖြစ်သူ ဦးကိုကိုလွင် (အမည်လွှဲ)က
“ဆေးရုံ လူနာသယ်ခ စင်နဲ့ဆိုရင် နှစ်ယောက် ၄၀၀၀ ပေးရတယ် သန့်ရှင်းရေးအလုပ်သမားခ မနက်ဆို လူနာတစ်ဦးဆီက ၂၀၀ ပေးရတယ်။ ပထမ အဆောင် ၂ မှာ ဆေးတက်ရောက်ကုသတုန်းက ထိုးဆေးတွေ မဝယ်ရဘူး။ လက်မှတ်ထိုးခိုင်းပြီး ထုတ်ပေးတယ်။ အခု အဆောင် ၁ မှာကျတော့ ထိုးဆေးဝယ်ရတယ်။ အောက်စီဂျင် တစ်ဗူးကို ၂၀၀၀ ပေးရပါတယ်” ဟု ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

မိခင်ဖြစ်သူကို မော်လမြိုင်ဆေးရုံကြီး၌ ပြုစုစောင့်ရှောက်နေရသည့် ဇေယျာသီရိရပ်ကွက်နေသူတစ်ဦးကတော့ ယခုလိုပြော၏။ “ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေထဲမှာဆို ရင်ကျပ်တဲ့လူနာတွေအတွက် ရှူတဲ့ ဆေးဗူးတွေ ပျက်စီးနည်းပါးနေတာတွေ ဖြည့်ဆည်းပေးစေချင်တယ်။ အောက်စီဂျင်တွေ ဂရုဏာစမ်းရေက အခမဲ့လှူဒါန်းထားတဲ့ အတွက် လူနာတွေဆီက ဘယ်လိုနည်းနဲ့မှ ငွေကြေးတစ်စုံတစ်ရာ မတောင်းစေလိုပါ။
ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာများကို နွေးနွေးထွေးထွေး စေနာအပြည့်ဖြင့် ဆက်ဆံပေးပါ”ဟူ၍။

ဝန်ထမ်းတွေရဲ့ခံစားချက်

တစ်နိုင်ငံလုံးရှိ အစိုးရဆေးရုံများထုံးစံအတိုင်း ဝေဖန်ပြစ်တင်မှုများကြုံရသည့် မော်လမြိုင်ဆေးရုံကြီး အကြောင်း သည် ပြီးခဲ့သော ဇွန်လ ၁၄ ရက်က မော်လမြိုင်သို့ လာရောက်၍ ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ဦးဆောင်ဆွေးနွေးသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံပင် နားပေါက်ခဲ့သည်။

ဒေသခံလူငယ်တစ်ဦး၏ တင်ပြချက်တွင် ဆေးရုံဓာတ်လှေကားကို အရေးပေါ်လူနာသယ်ဆောင်ရာတွင် အသုံးပြုခွင့်မရကြောင်း၊ ဆေးရုံဝန်ထမ်းများမှာ လူနာကို သယ်ယူရာ၌ မငြင်သာဘဲ ကြမ်းတမ်းလေ့ရှိကြောင်း၊ ဆရာဝန်များမှာ မယဉ်ကျေးကြောင်း စသဖြင့်…ပါဝင်ခြင်းဖြစ်၏။

ယင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြန်လည်ဖြေကြားခဲ့စဉ် ပရိသတ်ထဲမှ ပွဲကျရယ်မောသံအချို့တစ်ဝက် ထွက်ပေါ်ခဲ့ရသေးသည်။ ပွဲပြီးသည့်အခါတွင်လည်း ဝေဖန်သံများ ဆူညံခဲ့သေးသည်။
သို့ရာတွင် အတိုင်ပင်ခံ ခရီးစဉ်အပြီး နောက်တစ်ရက်တွင်ပင် ပြည်နယ်ဝန်ကြီး လာရောက်၍ ဓာတ်လှေကား၊ ခွဲစိတ်ဆောင်၊ လူနာဆောင်(အရိုးကုသဆောင်)၊ အဆောင်အသီးသီးအတွင်းအပြင် သန့်ရှင်းရေးကိစ္စတို့ကို ကြပ်မတ်စစ်ဆေး စီမံခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။၊

“တကယ်တော့ ဓာတ်လှေကားကို စ တပ်တဲ့အခါကတည်းက ခွဲစိတ်လူနာတွေအတွက် အထူး ဦးစားပေး ရည်ရွယ်ခဲ့တာ၊ လူနာသယ်တဲ့အခါတိုင်းအတွက်တော့ ဒီဓာတ်လှေကားကတစ်ဆင့်သယ်ဖို့ဆိုတာ အဆင်မပြေဘူး”ဟု ဒေါက်တာ မင်းဗညားချမ်းအိုင်းက ဟင်္သာသို့ ပြောသည်။

ခွဲစိတ်လူနာဆောင် တာဝန်ကျ လက်ထောက်ဆရာဝန် လူငယ်တစ်ဦးကမူ ဝန်ထမ်းအင်အားနှင့် လူနာဦးရေ မမျှသည့်ကြားမှ အားတင်းလျက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာထက်မှ ဝေဖန်ပြောဆိုမှု အမျိုးမျိုးကြောင့် အားပျက်ရ စိတ်ဓာတ်ကျရသည်များလည်း ရှိကြောင်း မှတ်ချက်ပြုသည်။

“ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုတာ စေတနာ တစ်စက်မှ မပါဘဲ လုပ်နေလို့ရတာမျိုးလည်း မဟုတ်ပါဘူး၊ တချို့ ဝေဖန်စကားတွေကျတော့ ထားမိတဲ့ စေတနာကိုပါ စော်ကားသွားတာမျိုးတွေလည်း ရှိတယ်”ဟု သူက ဆိုသည်။

အသိအမှတ်ပြုချက်၊ ပန်ကြားချက်

“ကျွန်တော် တာဝန်ထမ်းဆောင်ရောက်ရှိခဲ့တဲ့ ဆေးရုံတွေထဲမှာ ဒီမော်လမြိုင်ဆေးရုံကြီးမှာတော့ လူမှုရေးအဖွဲ့အစည်းတွေက အရမ်းပဲ အင်အားကောင်းတယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ထိတွေ့ဆက်ဆံနေရတာကတော့ ကရုဏာစမ်းရေ ပရဟိတ အဖွဲ့ပေါ့”ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ယင်းအဖွဲ့သာမက အခြားသော ပရဟိတလူမှုအဖွဲ့အစည်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွင် လူနာသယ်ပို့ကိစ္စကအစ၊ သွေးနှင့် ဆေးဝါးအလယ်၊ ငွေကြေး စရိတ်စကအဆုံး အထောက်အကူ ကြီးစွာပြုလျက် ပံ့ပိုးနေကြကြောင်း ၎င်းက ဆိုသည်။
“စေတနာမပါဘဲ ကုသတယ်ဆိုတဲ့ ဆရာဝန်၊ ဆရာမတွေ ရှားပါတယ်။ ကျွန်တော်တို့ဘက်က အားနည်းချက်တွေ မှားယွင်းတာတွေရှိခဲ့မယ်ဆိုရင်လည်း ဒါဟာ စေတနာအမှားပဲ ဖြစ်ပါလိမ့်မယ်။ လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်သွားပါ့မယ်။ ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပြီးတော့ နားလည်ပေးစေချင်ပါတယ်” ဟု ဒေါက်တာ ကျော်မြင့်က ဟင်္သာသို့ ပြောကြားသည်။

မော်လမြိုင်ဆေးရုံကြီးနှင့် ပတ်သက်၍ အကြံပြုချက် ဆွေးနွေးချက်နှင့် ပြဿနာ ကိစ္စတစ်ရပ်ရပ်ကို မကျေလည်မှုများ ရှိခဲ့ပါက ဖြေရှင်းရန် သက်ဆိုင်ရာဌာနအသီးသီးမှ ဆရာဝန်ကြီးများ၊ တာဝန်ခံဆရာမများထံ တိုင်ကြားနိုင်ကြောင်း၊ ဆေးရုံအုပ်များအပါအဝင် ဆေးရုံအုပ်ကြီးထံသို့လည်း လူကိုယ်တိုင်လာရောက်တွေ့ဆုံတိုင်ကြားနိုင်ကြောင်း ၎င်းက ဟင်္သာမှတစ်ဆင့် သတင်းစကားပါးလိုသည်ဟု ဆိုသည်။ ။

written by ခေတ်မင်း (ပျားအုံ)

1 comment:

  1. နားရှိလို့သာကြားပြီးမျက်စိရှိလို့သာဖတ်ရတာ အပြင်မှာနဲ့ကတော့တစ်လွဲကီးပဲ accident ဖြစ်တဲ့လူနာခေါင်းကွဲတာုပ့် ဘရိတ်ဒါးနဲ့ပတ်တီးကိုအပြေးအလွှးဝယ်ပေးရတာတွေ လူနာအမောဖောက်တာတွေနဲ့ အရေးပေါ်အခြေအနေတွေမှာဆိုရင် သူနာပြုတွေကိုခေါ်ရတာတွေဆိုရင် သူနာပြုတွေရဲ့အဆဲအဆိုခံနိုင်မှပဲခေါ်ရတာတွေ ပြောရင်ကုန်မှာတောင်မဟုတ်ဘူး ဒါကြောင့်ဆေးရုံကြီးကိုသွားမကုကြတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.