Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၁၁

ပအိုဝ်းတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏ တောင်းဆိုချက်အရ မော်လမြိုင်တက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်း စတင်ဖွင့်လှစ်နိုင်ရန်အတွက် တိုင်းရင်းသား ရန်ပုံငွေမှ ငွေကျပ် ၇၅ သိန်းထောက်ပံ့မည် ဖြစ်ကြာင်း မွန်ပြည်နယ်လွှတ်တော်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

မော်လမြိုင်တက္ကသိုလ်တွင် တိုင်းရင်းသားပေါင်းစုံ တက်ရောက်လျက်ရှိသည့်အနက် ပထမဆုံး တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းပြခန်းဖွင့်လှစ်နိုင်ရန် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် ညှိနှိုင်းထားပြီးဖြစ်ကာ အခန်းတစ်နေရာ ရထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျောင်းဖွင့်တာနဲ့ နှစ်တက်ကလေးတွေနဲ့ ပေါင်းပြီး ပြခန်းလေးဖွင့်ဖို့ ရှိပါတယ်။ စာအုပ်တွေ အကုန်လုံး ဝယ်ယူစုဆောင်းထားပြီးပါပြီ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ပြခန်း ဖွင့်လှစ်ခြင်းအားဖြင့် ပအိုဝ်းလူငယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပိုမို သိရှိနားလည်လာနိုင်မည်ဖြစ်၍ များစွာ အကျိုးဖြစ်ထွန်းကြောင်း ပအိုဝ်းပိဋကတ်စာပေမြှင့်တင်ရေးအဖွဲ့ ၊ တွဲ ဖက်အတွင်းရေးမှူး ခွန်အောင်ကျော်မြင့်က မှတ်ချက်ပြုသည်။

“ဝန်ကြီးက ဒီလို ထောက်ပံ့ပေးပြီး ယဉ်ကျေးမှု အမွေအနှစ်တွေဖော်ဆောင်ပေးတော့ ကောင်းတာပေါ့။ လူငယ်တွေလည်း ဝိုင်းဝန်း ထိန်းသိမ်းသင့်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပြခန်းကို တက္ကသိုလ်ပရဝုဏ်အတွင်း၊ ကြက်ခြေနီ ခန်းမဆောင်နှင့်ကပ်လျက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း မော်လမြိုင်တက္ကသိုလ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဆပ်ကော်မတီမှ ဥက္ကဌ ဒေါက်တာသဇင်ခိုင် ကပြောသည်။

“အခု ပအိုဝ်းစာအုပ်တွေ ဝယ်ယူစုဆောင်းနေပါတယ်။ ပုလဲဆောင်နဲ့ နီလာဆောင်ကနေကြည့်ရင် မျက်နှာချင်းဆိုင် အနေအထားမှာရှိပါတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

Written by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply