မော်လမြိုင်၊ မတ် ၉ ။ ။ မော်လမြိုင်တက္ကသိုလ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျောင်းသား၊ကျောင်းသူများနှင့် တက္ကသိုလ်မိသားစုဝင်များ ပါဝင်ဆင်နွှဲနိုင်မည့် မဟာသင်္ကြန်အကြိုပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲတော်ကို ဦးဆောင်ကျင်း ပသည့် မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

အဆိုပါပွဲတော်ကို မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ မော်လမြိုင်တက္ကသိုလ်ဓမ္မာရုံ အနီးတွင် ကျင်းပမည်ဖြစ်ပြီး ရေပက်ကစားခြင်းအပြင် မုန့်လုံးရေပေါ်နှင့် ရွှေရင်အေးမုန့်များကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုထက်မြတ်မော်က ပြောကြား သည်။
mlm
အခြားကျောင်းများတွင်လည်း ကျင်းပနေကြသော တက္ကသိုလ် မဟာသင်္ကြန်အကြိုပွဲတော်ကို ကျင်းပခွင့် ရသောကြောင့် ပျော်ရွင်ကြကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက ပြောဆိုကြသည်။

“နှစ်စဉ်နှစ်တိုင်း ကျင်းပပေးရင် ပိုကောင်းတယ်” ဟု အင်္ဂလိပ်စာဘာသာ ဒုတိယနှစ်ကျောင်းသူ မဇင်မွန်အေးက ပြောဆိုသည်။

ထိုသို့ သင်္ကြန်အကြိုပွဲတော်ကျင်းပရန် ပါမောက္ခချုပ်ထံမှ ခွင့်ပြုချက်ရရှိထားကြောင်း မော်လမြိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ယခုနှစ်အတွင်း သင်္ကြန်အကြိုပွဲတော်ကို ရန်ကုန်မြို့တော်ရှိ နည်းပညာတက္ကသိုလ်များ၊ ရေကြောင်း ပညာတက္ကသိုလ်နှင့် အချို့ပညာရေးတက္ကသိုလ်များတွင် အသီးသီးကျင်းပပြုလုပ်ခဲ့ပြီး အချို့ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများသာမက ဆရာ၊ဆရာမများပါပါဝင်ဆင်နွဲခဲ့ကြသည်။

မွန်ပြည်နယ်တွင်မူ မော်လမြိုင်နည်းပညာတက္ကသိုလ် တွင် သင်္ကြန်အကြိုပွဲတော်ကို ကျင်းပခဲ့ဖူးသည်။

Leave a Reply