မော်လမြိုင် ၊ ဇန်နဝါရီ 

မော်လမြိုင်တက္ကသိုလ် အနီးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ကေတီဗီနှင့် ကာရာအိုကေ ဆိုင်အားလုံးကို ပိတ်သိမ်းရန် ဒီဇင်ဘာလဆန်းပိုင်းက ညွှန်ကြားစာ ထုတ်ပြန်ထားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ဆိုခဲ့သော်လည်း ယခုတစ်လကျော် ကြာမြင့်ချိန်တိုင် သက်ဆိုင်ရာဌာနတို့က ယင်းညွှန်ကြားချက်ကို လက်ခံမရရှိသေးကြောင်းနှင့် မသိရှိသေးကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း “မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ညွှန်ကြားထားပြီးပြီ။ လိုင်စင်ကိုထောက်ခံပေးတဲ့ ဗီဒီယိုအခြေခံအဖွဲ့ကိုရော၊ ပြန်/ဆက်ကိုရော ညွှန်ကြားထားပြီးပြီ။ မော်လမြိုင်တက္ကသိုလ်အနီး ပတ်ဝန်းကျင်မှာရှိတဲ့ဆိုင်တွေ မှန်သမျှပြီးခဲ့တဲ့ တစ်လကျော်ကျော်လောက်က ထုတ်ထားပြီးပြီ။ ဒီဇင်ဘာလဆန်းပိုင်းလောက်က” ဟု ဆိုသည်။

တက္ကသိုလ်အနီးပတ်ဝန်းကျင်ရှိ ကေတီဗီဆိုင်များ၌ မကြာခဏ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် မူးယစ်ဆေးဝါးပြဿနာများကြောင့် လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကို ခွင့်မပြုတော့ဘဲ ပိတ်သိမ်းရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တက္ကသိုလ်အနီးပတ်ဝန်းကျင်မှာရှိတဲ့ အားလုံးကို ပိတ်သိမ်းခိုင်းထားတယ်၊ လိုင်စင်သက်တမ်းလည်း တိုးလို့ မရဘူး၊ ဖွင့်လို့လည်းမရဘူး၊ နောက်ထပ်သက်တမ်းတိုးလို့လည်း မရဘူး၊ ထပ်ဖွင့်ဖို့လည်း ခွင့်မပြုဘူး” ၎င်းက ထပ်လောင်းပြောသည်။

ဖော်ပြပါဆိုင်များကို လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်လျှောက်ထားခြင်းကို ခွင့်မပြုရန်လည်း ၂၀၁၇ အောက်တိုဘာလက ပြည်နယ်အစိုးရအနေဖြင့် ညွှန်ကြားထားသည်။ ယင်းနယ်မြေတွင်မဟုတ်ဘဲ အခြားသော ဒေသများတွင် ဖွင့်လှစ်သည့် ကေတီဗီနှင့် ကာရာအိုကေဆိုင်များကိုမူ လိုင်စင်သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းအား ခွင့်ပြုပေးထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မွန်ပြည်နယ်လိုင်စင်ထုတ်ပေးသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထိန်လင်းအောင်ကို ဟင်္သာမီဒီယာက ဇန်နဝါရီ ၁၀ ရက်နေ့တွင် သွားရောက်မေးမြန်းရာခဲ့ရာ ပိတ်သိမ်းခိုင်းရန် ညွှန်ကြားထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ မော်လမြိုင်၊ တောင်ဝိုင်းနတ်စင်အနီးရှိ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည့် ကေတီဗီဆိုင်ကို ဖွင့်ခွင့် မပြုရန်သာ ညွှန်ကြားထားကြောင်း ဦးထိန်လင်းအောင်က ဖြေကြားသည်။

ထို့ပြင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပိတ်သိမ်းရန် ညွှန်ကြားချက်မရှိကြောင်း ယခုလ ၁၀ ရက်က ပြောသည်။

အလားတူ မွန်ပြည်နယ် ဗီဒီယိုအခြေခံအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်သိန်းထံ မေးမြန်းရာတွင်လည်း မသိရှိကြောင်း ပြောဆိုခဲ့သည်။

မော်လမြိုင်တက္ကသိုလ်အနီးတွင် တရားဝင်လိုင်စင်ရှိသည့် ကေတီဗီ ၁၄ ဆိုင် ရှိပြီး မွန်ပြည်နယ်တစ်ခုလုံးတွင် ၃၃ ဆိုင်ရှိကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး စာရင်းအရ သိရသည်။

ရင်ငြိမ်းချမ်း

Leave a Reply