မော်လမြိုင်၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် အနီးမှ KTV ဆိုင်များအားလုံးကို လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ချထားပေးခြင်း မပြုရန် မွန်ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်မှူး ဦးထိန်လင်းအောင်က ပြောသည်။

ယင်းသို့ တားမြစ်ခြင်းကို အောက်တိုဘာလ ဒုတိယအပတ်တွင် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ လိုင်စင်လုပ်ငန်းကို စည်ပင်က ဆောင်ရွက်တယ်။ အခုက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို လွှဲပေးထားတယ်”ဟု ဦးထိန်လင်းအောင်က ပြောသည်။

မြိုင်သာယာရပ်ကွက် တက္ကသိုလ်အနီးမှ KTV စားသောက်ဆိုင်များ၊ ခေါင်ရည်ဆိုင်များနှင့် ထန်းရည်ဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မကြာသေးမီက ပြောကြားထားသည်။

သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချမှုမရှိသည့် ဆိုင်များကို ပြည်သူများက တိုင်ကြားနိုင်ပြီး တာဝန်ရှိသူများကလည်း စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်၍ စည်းကမ်းလိုက်နာမှုမရှိပါက ထိထိရောက်ရောက်အရေးယူရန် ညွှန်ကြားထားကြာင်း ဒေါက်တာအေးဇံက သတိပေးထားသည်။

မွန်ပြည်နယ်တွင် တရားဝင်ခွင့်ပြုထားသည့် KTV ကာရာအိုကေ ဆိုင်မှာ မော်လမြိုင်တွင် ၃၂ ဆိုင်၊ ကျိုက်ထိုတွင် ၁၁ ဆိုင်၊ ဘီးလင်းတွင် ၅ ဆိုင်၊ သထုံတွင် ၇ ဆိုင်၊ ပေါင်တွင် ၇ ဆိုင်၊ ချောင်းဆုံတွင် ၁ ဆိုင်၊ မုဒုံတွင် ၅ ဆိုင်၊ သံဖြူဇရပ်တွင် ၄ ဆိုင်နှင့် ရေးတွင် ၁၄ ဆိုင်ရှိကြောင်း မွန်ပြည်နယ် ဗွီဒီယိုအခြေခံအဖွဲ့ရုံး၏ စာရင်းမှတ်တမ်းအရ သိရသည်။

Written by – ရွှေရိုး

1 comment:

Leave a Reply