၆ ဧပြီ ၁၈၂၆ တွင် ဝန်ရှင်တော်မင်းကြီး ကရောဖို့ (Crawford) က ကျိုက္ခမီကို အမ်းဟတ်(Amherst) ဟု အမည်ပြောင်းကာ တနင်္သာရီတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။ ထိုစဉ်က စစ်ဦးစီးချု့ပ်ဖြစ်သူ ဗိုလ်ချုပ် ကင်းဗဲ (Campbell) ကမူ မိမိ၏ စစ်ဌာနချုပ်ကို မော်လမြိုင်မှာပင် ဆက်လက်ထားရှိသည်။ စစ်ရေးစီးပွားရေးအမြင်ရှိသူ ”ကင်းဗဲ” မော်လမြိုင်ကို နှစ်သက်ခြင်းမှာ အချက်(၅)ချက်ကြောင့်ဖြစ်သည်။

၁။ သောက်သုံးရေဖောဖောသီသီရရှိနိုင်ခြင်း၊ ၂။ အနောက်ဘက်ရှိ ဘီလူးကျွန်းက အနောက်တောင်မုတ်သုန်လေ၏ ဒဏ်ကိုကာကွယ်ပေးနိုင်ခြင်း၊ ၃။ သံလွင်၊အတ္ထရံနှင့် ဂျိုင်းမြစ်သုံးသွယ်ဆုံစည်းရာတွင် တည်ရှိခြင်း၊ ၄။ယိုးဒယား(ထိုင်းနိုင်ငံ)သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်သော လမ်း၏အစ ဖြစ်နေခြင်းနှင့် ၅။ မုတ္တမဘက်ကမ်းမှ မြန်မာတပ်များ သံလွင်မြစ်ကို ဖြတ်ကျော်တိုက်ခိုက်လာလျှင် ချက်ချင်းတုံ့ပြန်တိုက်ခိုက်ခြင်းဟူသော အချက်(၅)ချက်ဖြစ်သည်။

ကင်းဗဲက တပ်မြို့ (Cantoment) ကို မော်လမြိုင်မြို့ဟောင်းနယ်နိမိတ်အတွင်းမှာပင်၊ ကာကွယ်ရေးရှု့ထောင့်မှကြည့်၍ တည်ထောင်သည်။ ဤနေရာတွင် မော်လမြိုင်မြို့ဟောင်းတည်ဆောက်ထားခဲ့ပုံနှင့် အကျယ်အဝန်းကို ဆွေးနွေးတင်ပြလိုပေသည်။
၁၈၂၆ ခုတွင် တနင်္သာရီတိုင်း၏ ပထမဆုံးဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သူ ”ကရောဖို့”က ”မော်လမြိုင်မြို့ဟောင်း၏ မြင့်မားသော မြေမြို့ရိုးကြီးများနှင့် ကောနေပြီဖြစ်သော ကျုံးများကို တွေ့မြင်နိုင်သေးကြောင်း”ဟူ၍ ရေးသားခဲ့သည်။

မော်လမြိုင်သို့လာရောက်နေထိုင်ခဲ့သော အင်္ဂလိပ်လူမျိုးဆရာဝန် ရစ်ချတ်ဆန် (Dr.Richarolson) သည် ၁၈၂၄ ခုမှ ၁၈၃၈ ခုအတွင်း အင်္ဂလန်ရှိသူ၏ ဖခင်ထံစာများရေးသားပေးပို့ခဲ့သည်။ စာအချို့တွင် မော်လမြိုင်မြို့ဟောင်းနှင့် ပတ်သက်၍ ”မြို့ရိုးများ၊ ရေတွင်းများ၊ ဘုရားငုတ်တိုများနှင့် အိုးကွဲများကို တွေ့ရကြောင်း၊ မြို့ဟောင်းနယ်နိမိတ်တွင်း၊ တောကြီးမျက်မည်းဖုံးလွှမ်းလျက်ရှိကြောင်း”ရေးသားခဲ့သည်ကို တွေ့ရသည်။
၁၈၈ဝ ခုတွင် ပုံနှိပ်ထုတ်ဝေသော British Burma Gayetter တွင်၊ ”မော်လမြိုင်မြို့ဟောင်းသည် စတုရန်းပုံ ပီပြင်မှု မရှိဘဲ လေးဘက်လေးတန်တွင် ပုံမကျပန်းမကျဖြစ်နေကြောင်း၊ မြို့ပတ်ပတ်လည်တွင် မြေတောင်ပိုးများ၊ တောင်ပူစာများနှင့် တောင်တန်းငယ်များ ဝန်းရံထားကြောင်း” ရေးသားထားသည်။

”၁၉၄၇ ခုတွင် R.R.Langham-Carter က”Old Moulmein  (875-1800)” စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် မော်လမြိုင်မြို့ဟောင်း၏ နယ်နိမိတ်ကို ” တောင်ဘက်နှင့် မြောက်ဘက်တွင် မြေမြို့ရိုး (Mud Wall) များရှိ၍ အနောက်ဘက်တွင် သံလွင်မြစ်၊ အရှေ့ဘက်တွင် တောင်ရိုးတန်းရှိသည်”ဟု ရေးသားဖော်ပြထားသည်။
အထက်ပါ ရေးသားဖော်ပြချက် (၄) ခု စလုံးသည် တိကျမှန်ကန်မှုမရှိချေ။ စနစ်တကျတူးဖော်လေ့လာခြင်းမပြုဘဲ သာမန်ကာ လျှံကာ အပေါ်ယံမျှသာကြည့်ရှု့ပြီး ရေးသားဖော်ပြခဲ့ကြခြင်းသာဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်များရေးသားခဲ့သည့်အတွက် မော်လမြိုင်မြို့ဟောင်းအကြောင်းကို  တစ်စွန်းတစ်စ သိရသည့်အတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။ မျက်မှောက်ခေတ်ကဲ့သို့ ရှေးဟောင်းသုတေသနဌာနမရှိ၊ ကောင်းကင်ဓာတ်ပုံမရှိသေးသည့်အတွက် အထက်ပါ ပုဂ္ဂိုလ်များကို အပြစ်တင်မစောဘဲ ခွင့်လွှတ်ရပေမည်။
စာရေးသူသည် မော်လမြိုင်မြို့ဟောင်း၏ မြို့ရိုးများ၊ ကျုံးများနှင့် ပတ်သက်၍ ပိုမိုသိရှိရန် ကောင်းကင်ဓာတ်ပုံကို အကြိမ်ကြိမ်ကြည့်ရှု့လေ့လာပါသည်။ အခါခါကွင်းဆင်းသုတေသနလုပ်ပါသည်။ တွေ့ရှိချက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ ပြီးပြည့်စုံပြီဟူ၍ကားမဆိုဝံ့ပါ။
တောင်လေးလုံးကျောင်းတိုက်၏ မြောက်ဘက်မှ အလက (၁) ကို ဖြတ်သန်း၍ ”ဦးအခီဝင်း” အထိသည် တောင်ဘက်မြို့ရိုးဖြစ်သည်။
ဦးအခီဝင်းမှ ဈေးကြီးတောင်ပေါ်တန်းနှင့် ပြည်တော်သာဝင်းအနောက်ပိုင်းကို ဖြတ်သန်း၍ မော်လမြိုင် ဟိုတယ်ဟောင်းဝင်းအထိသည် အနောက်ဘက်မြို့ရိုးဖြစ်သည်။

မော်လမြိုင်ဟိုတယ်ဟောင်းဝင်းမှ ရေကြောင်းဝင်းအထိလည်း မြောက်ဘက်မြို့ရိုးဖြစ်သည်။
ရေကြောင်းဝင်းမှ ”အုန်းဆေးတိုက်” နှင့် အထက (၁ဝ) ၏ အရှေ့ဘက်ကို ဖြတ်သန်း၍ မဟာမြတ်မုနိဘုရားစောင်းတန်းအထိသည် အရှေ့ဘက်မြို့ရိုးဖြစ်သည်။ မဟာမြတ်မုနိဘုရားစောင်းတန်းမှ တောင်လေးလုံးကျောင်းတိုက်အထိအပိုင်းသည် တောင်ရိုးတန်းဖြစ်၍ သဘာဝအတိုင်းဖြစ်ပေါ်နေသော အရှေ့ဘက်မြို့ရိုးဟု ခန့်မှန်းရပါသည်။

လေးဘက်လေးတန်မြို့ရိုးအားလုံး၏ အစိတ်အပိုင်းအများစုသည် အုတ်မြို့ရိုးဖြစ်သည်။ မြောက်ဘက်မြို့ရိုးအစိတ်အပိုင်းအချို့တွင် ဆစ်ထားသော ဂဝံကျောက်တုံးများဖြင့် မြို့ရိုးကို တည်ဆောက်ထားသည်ကို တွေ့ရသည်။
၁၃ နိုဝင်ဘာ ၁၅၄၈ တွင် မင်းတရားရွှေထီးသည် ယိုးဒယား(ထိုင်း)နိုင်ငံကို တိုက်ခိုက်ရန်အတွက် စစ်သည်တော်(၁၂၀ဝ၀ဝ)ကို ဦးဆောင်၍ ဟံသာဝတီနေပြည်တော်မှ စတင်ချီတက်သည်။ မုတ္တမသို့ ရောက်သောအခါ မိမိကြိုတင်အမိန့်ပေးထားချက်အရ မုတ္တမမြို့စား မွန်အမျိုးသား ဇာလကွန်းအိမ်က မုတ္တမ-မော်လမြိုင် သံလွင်မြစ်ကူးဖောင်တံတားကြီးကို အသင့်ဆောက်လုပ်ထားသည်ကိုတွေ့ရသည်။
မုတ္တမမှ မော်လမြိုင်ဘက်ကမ်းသို့ကူးသောအခါ မင်းတရားရွှေထီး၏ စီးတော်ဆင်ကို ဖောင်ပေါ်တင်၍ ကူးစေသည်။ အခြားဆင်များကိုကာ မြစ်ကျဉ်းရာမြစ်ဖျားဒေသမှ မော်လမြိုင်ဘက်သို့ ရေကူးသွားစေသည်။
စစသည်တော်များ၊ မြင်းများနှင့် ရိက္ခာခဲယမ်း မီးကျောက်များ သယ်ဆောင်ရသော ဝန်တင်နွားလှည်းများ ဖြတ်ကျော်သွားရာ၌ သဘာဝမြေပေါ်တွင် သွားရသကဲ့သို့ ထင်မှတ်စေရန် ဖောင်တံတားထက်တွင် ခင်းထားသော ပျဉ်ချပ်များပေါ်တွင် မြက်ခြောက်များနှင့် မြေကြီးများခင်ထားမည်ဟု မှန်းဆရသည်။

စစ်သည်တော် (၁၂၀ဝ၀ဝ)နှင့် မြင်းများ၊ ဝန်တင်နွားလှည်းများ ဖြတ်ကူးပြီးသည့်တိုင်အောင် တံတားကြီးမှာ ခိုင်ခံ့နေသေးသဖြင့် တံတားတည်ဆောက်သူ မွန်ဗိသုကာပညာရှင်များ၏ လက်ရာအစွမ်းကို သက်သေထူလိုက်သကဲ့သို့ ဖြစ်သွားသည်။
မင်းတရားရွှေထီးလက်ထက် ၁၅၄၈ ခုတွင် မုတ္တမ-မော်လမြိုင် တံတားသည်ဆောက်ခဲ့ပြီး (၄၅၂)နှစ်အကြာ ၃၀ မတ် ၂၀ဝ၀ ပြည့်နှစ်တွင် မော်လမြိုင်ဘက်ကမ်း၌ ပန္နက်ချအခမ်းအနားကျင်းပပြီး သံလွင်မြစ်ကူးတံတား(မော်လမြိုင်)´´တည်ဆောက်ခြင်း လုပ်ငန်းကို စတင်သည်။
သံလွင်တံတားတည်ဆောက်သောအခါ ချဉ်းကပ်တံတားများကိုလည်း တည်ဆောက်ရသည်။ သံလွင်တံတားထက်ရှိ မီးရထားလမ်းအတွက်လည်း ချဉ်းကပ်တံတား တည်ဆောက်ရသည်။ ထိုချဉ်းကပ်တံတား တည်ဆောက်ရန် မော်လမြိုင်မြို့ဟောင်း၊ မြောက်ဘက်မြို့ရိုးရှိ
အုန်းဆေးတိုက်´´၏ နောက်ကျောဘက် မြို့ရိုးဟောင်းကို ဘူဒိုဇာ (Bulldoyer)ဖြင့် တူးဖြိုသည်။

ဆစ်၍ထားသော ဂဝံကျောက်တုံးများဖြင့် စနစ်တကျထပ်စီ၍ တည်ဆောက်ထားသော မြို့ရိုးဟောင်းကို တွေ့ရသည်။ ခေတ်အဆက်ဆက်၊ မော်လမြိုင်မြို့ဟောင်း မြို့ရိုးသည် မြေမြို့ရိုး (Mudwall)ဖြစ်သည်ဟု ရေးသားဖော်ပြကြသူများ၏ အမှား ဘွားဘွားကြီးပေါ်လာသည်။
မြို့ရိုး၏ လေးဘက်လေးတွင် ကောနေသော ကျုံးရာများကို တွေ့ရသည်။ အရှေ့မြောက်ထောင့် နေရာအချိုးတွင်ကား ကျုံးရာမတွေ့ရချေ။
မြို့ဟောင်း၏ မြို့ရိုးကြီးများသည် ကာကွယ်ရေးအတွက် အသုံးဝင်သဖြင့် ကင်းဗဲသည် တပ်မြို့ကို မြို့ဟောင်းနယ်နိမိတ်အတွင်းမှာပင် တည်ဆောက်သည်။ ဒိုင်းဝန်ကွင်းနယ်မြေကိုကား တပ်မြို့အတွင်း ထည့်သွင်းခြင်းမပြုချေ။

ပထမဦးစွာ မြို့ဟောင်းအတွင်းရှိ ခြုံနွယ်များ၊ ကိုင်းပင်များနှင့် အလေ့ကျအပင်များကို ခုတ်ထွင်ရှင်းလင်းသည်။ စစ်တန်းလျားများ တည်ဆောက်သည်။ လက်နက်ခဲယမ်း မီးကျောက် သိုလှောင်သည့် တိုက်များတည်ဆောက်သည်။ ဗိုလ်ချုပ်ကင်းဗဲနှင့် အခြားအရာရှိများ၏ နေအိမ်များကိုဆောက်လုပ်သည်။

ဗိုလ်ချုပ်ကင်းဗဲ၏ နေအိမ်သည် တပ်မြို့အတွင်းတွင်ရှိသည်။ ဗမာပုံစံအတိုင်းဆောက်လုပ်ထားသော အလွန်ကြီးမားသော အိမ်ကြီးဖြစ်သည်။ အိမ်တွင်းပိုင်းကိုကာ ဥရောပဟန်အတိုင်း ပြင်ဆင်မွမ်းမံထားသည်။
ကင်းဗဲသည် မြင့်မားသော အရပ်နှင့် တောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ မှိုင်းပြပြမျက်လုံးနှင့် ခွေလိပ်နေသော သစ်ကြားသီးရောင်ဆံပင်ရှိသည်။ နှာတံတို၍ ပါးစပ်ပေါက်ကျဉ်းသည်။ တိုက်ခိုင်ရေးသမား တစ်ဦး၏ မျက်နှာပေါက်မျိုးရှိသည်။
လေဒီကင်းဗဲ (Lady Campbell)သည် သနားကြင်နာတတ်သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ မိခင်စိတ်ရှိသည်။ မိန်းမဆန်သော မိန်းမဖြစ်သည်။ အိမ်ခြံအတွင်းတွင် နှင်းပန်းပင်များကို အလှစိုက်ပျိုးထားသည်။
အိမ်တွင်းအိမ်ပြင်ကို သာယာကြည်နူးဖွယ်ဖြစ်အောင် ပြုပြင်မွမ်းမံထားသည်ဟု ကင်းဗဲ၏ နေအိမ်သို့ အလည်အပတ်ရောက်ရှိခဲ့ကြသည့် မောရိုး (Dr.Richardson)တို့က ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။

အံ့ကျော်

Leave a Reply