မော်လမြိုင်တပ်မြို့-၂

မော်လမြိုင်တပ်မြို့အတွင်းဗိုလ်ချုပ်”ကင်းဗဲ” ၏ နေအိမ်ကို သစ်သားဖြင့်ဆောက်လုပ်သကဲ့သို့ အခြားအရာရှိများ၏ နေအိမ်များ၊ အရာရှိရိပ်သားများနှင့် စစ်တန်းလျားများကိုလည်း သစ်သားဖြင့်ပင်ဆောက်လုပ်သည်။ အရှေ့တပ်မြို့လမ်း (ယခုအောင်သုခရပ်ကွက်) တွင် ဒေါ်ဆန် (Dawson) ရေကြောင်း ကုမ္ပဏီမှ မစ္စတာမာရေး(murry) ”Tower House” ကို သစ်သားဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်ထိအကောင်းပကတိအတိုင်းရှိနေသေးသည်။ Tower House ကို အရာရှိ ရိပ်သာ (Officer’ mess) အဖြစ် အသုံးပြုခဲ့သည်။ မဟာမြတ်မုနိဘုရား၏ မြောက်ဘက်တောင်ခြေ၊ တရုတ်ကျောင်းအနီးတွင်လည်း အရာရှိရိပ်သာတစ်ခုရှိခဲ့သည်။

mln

ကိုလိုနီခေတ်နှောင်းကာလ မော်လမြိုင်တွင် အရေးပိုင်အဖြစ် အမှုထမ်းခဲ့သူ စင်းမ်စ် (R.C.M Symms I.C.S) သည် Tower House တွင်နေထိုင်ခဲ့သည်။ အရေးပိုင်တွင် မြင်းပုကလေးဆွဲသော ဒေါက်ကပ် (Dog Cart ) တစ်စီးရှိသည်။ ထိုအရေးပိုင်သည် ဂျင်မခန်နာကလပ် (Gymkhana Club) [ယခုမူကြို (၁) ] သို့ သွားတတ်လေ့ရှိပြီး  နောက်ဆုံးမှ အိမ်ပြန်လေ့ရှိသည်။ မိမိသခင် Dog Cart ပေါ်တက်ထိုင်သည်ကို သိသော မြင်းလိမ္မာကလေးသည် ဒေါက်ကပ်ကို ဆွဲ၍ မိမိအိမ်သို့လမ်းညွှန်ရန် မလိုဘဲ တန်းတန်းမတ်မတ်ပြန်သွားလေ့ရှိသည်။ 

ယခုထောင်ကြီးရှေ့တွင် သစ်သားဖြင့် ဆောက်လုပ်ထားသော စစ်တန်းလျားများရှိခဲ့သည်။ လွန်ခဲ့သော (၂၅) နှစ်ခန့်က အိုမင်းဆွေးမြေ့၍ ပြိုပျက်သွားပြီဖြစ်သည်။

လက်ရှိထောင်နုယ်နိမိတ်၏ အရှေ့ဘက်တောင်ရိုးတန်းအစပ်အတွင်း၊ အုတ်များ၊ သွပ်အမိုးခုံးများဖြင့် တည်ဆောက်ထားသော တိုက်ကြီးများရှိသည်။ ထိုတိုက်ကြီးများတွင် လက်နက်ခဲယမ်းမီးကျောက်များ သိုလှောင်ခဲ့သည်။ နောင်အခါကူးစက်ရောဂါကုဆေးရုံ အဖြစ်အသုံးပြုသည်။ အနီးအနားမှာပင် အမြောက်နှင့် အမြောက်ကျဉ်များသိုလှောင်သည့် တိုက်များရှိသည်။ 

ထိုအဆောက်အအုံများတည်ဆောက်ထားပုံနှင့် တည်နေရာမှာ မော်လမြိုင်မြို့၏ ရှု့မငြီးနိုင်သောမြင်ကွင်းဖြစ်သည်။

မိုင်ဒါကွင်း (Maidan) သည် တပ်မြို့အတွင်းမှာပင်ရှိသည်။ မိုင်ဒါကွင်းတွင် မြင်းပွဲများ၊ ပိုလို (Polo)၊ ကရစ်က (Crichet) ဘောလုံးကစားပွဲများနှင့် တပ်မိသားစု၏ အားကစားပြိုင်ပွဲများနှင့် စစ်ရေးပြပွဲများ ကျင်းပခဲ့သည်။ ကွင်းအတွင်း ကပွဲရုံလည်းရှိသည်။
ကိုလိုနီခေတ်နှောင်းပိုင်း၊ တို့ဗမာအစည်းအဝေးရုံး၏ စတုတ္ထမြောက်ညီလာခံသဘင်ကို မော်လမြိုင်မြို့ မိုင်ဒါကွင်းတွင် ၆ ဧပြီ ၁၉၃၉ မှ ၉ ဧပြီ ၁၉၃၉ အထိ (၄) ရက်တိုင်တိုင်ကျင်းပခဲ့သည်။ (၃၃) ခရိုင်မှ သခင်ကိုယ်စားလှယ် (၂၄၈) ဦးတက်ရောက်ခဲ့သည်။ ညီလာခံတွင် အခမ်းအနားမှူးအဖြစ် ဗဟိုတို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းက ဆောင်ရွက်သည်။ ထိုစဉ်က သခင်အောင်ဆန်း၏ အသက်မှ (၂၄)နှစ်စွန်းရုံသာရှိသေးသည်။  ယခုအခါ တို့ဗမာအစည်းအရုံးညီလာခံကျင်းပရာ မိုင်ဒါကွင်း၏ အစိတ်အပိုင်းအများစုမှာ ကွယ်ပျောက်ခဲ့ပေပြီ။ အစိတ်အပိုင်းအများစုမှာ ကွယ်ပျောက်ခဲ့ပေပြီ။

၂၇ မတ် ၁၉၄၅ တွင် မြန်မာနိုင်ငံ တစ်ဝန်းဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ဆင်နွှဲသည် တော်လှန်ရေးကာလအတွင်းမော်လမြိုင်မြိုင်ခရိုင်မှ တော်လှန်ရေးခေါင်းဆောင် (၂၆) ဦး ဂျပန်ကင်ပေတိုင် (Kempetai) တို့၏ ဖမ်းဆီးခြင်းခံရသည်။ 

၂၄ ဇူလိုင် ၁၉၄၅ နံနက် (၉)နာရီ ခန့်တွင် ဂျပန်တို့သည် မော်လမြိုင်ထောင်မှ အာဇာနည် (၂၆) ဦးကို အုန်းခွဲကြိုးဖြင့် လက်ပြန်ကြိုးတုပ်၍ မျက်နှာကို အဝတ်စည်းပြီးလျှင် ကား(၂) စီးဖြင့် တင်ဆောင်ကာ ''မုရောင်း'' သုသာန်သို့ခေါ်ဆောင်သွားကြသည်။ သုသာန်အရောက်တွင် အသင့်တူးထားသော ကျဉ်းများဘက် မျက်နှာမူထိုင်စေ၍ ခေါင်းဖြတ်သတ်ခဲ့သည်။

၁၉၄၅ ခု နှစ်ကုန်ပိုင်းတွင်  မော်လမြိုင်ခရိုင်ပြည်သူ့ရဲဘော်တပ်ဖွဲ့က အာဇာနည် (၂၆) ဦးအထိမ်းအမှတ် အာဇာနည် ဗိမာန်ကို မိုင်ဒါကွင်းအတွင်း ဆောက်လုပ်ခဲ့သည်။ အာဇာနည် ဗိမာန်အနီးတွင် အာဇာနည် (၂၆) ဦး အမည်ကို ကမ္ဗည်းထိုးထားသော အာဇာနည်ကျောက်တိုင်ကိုလည်း စိုက်ထူခဲ့သည်။

၁၉၇၄ ခု  အခြေခံဥပဒေ ပေါ်ပေါက်ပြီး မကြာမီမှာပင် အာဇာနည်ဗိမာန်နှင့်ကျောက်တိုင်ကို ဘူဒိုဇာ (Bulldozer) ဖြင့် ထိုး၍ ဖယ်ရှားပြစ်လိုက်သည်။

ယခုအခါ မိုင်ဒါကွင်းတွင်း ဘောလုံးကွင်း၊ အားကစားကွင်း၊ ဈေးများနှင့် ခရိုနီတို့၏ တိုက်တာအဆောက်အဦးများက ဖုံးလွမ်းလျက်ရှိသည်။
ဇန်နဝါရီ ၁၈၂၇  တွင် တနင်္သာရီတိုင်း၏ ပထမဆုံးဝန်ရှင်တော်မင်းကြီး ဖြစ်သူ ''ကရောဖို့''သည် ဒေါက်တာဝေါလစ် (Dr. Wallich )ကို ခေါ်ဆောင်ကာ မော်လမြိုင်သို့ရောက်လာသည်။ ''ဝေါလစ်''သည် အိန္ဒိယပြည်ကာလကတ္တား (ယခု Kalhata= ကိုးလ်ကတ္တား ) မြို့ရှိ ရုက္ခဗေဒဥယျာဉ်မှူးဖြစ်သည်။ သစ်ပင်သစ်တောနှင့် ပတ်သက်၍ ဗဟုသုတရှိသည်။ ဝေါလစ်ကို မော်လမြိုင်သို့ ခေါ်ဆောင်လာခြင်းမှာ မော်လမြိုင်သစ်တောကို ကွင်းဆင်းလေ့လာစေလို၍ ဖြစ်သည်။

''ဝေါလစ်'' သည် ''ကရောဖို့''က အိန္ဒိယဘုရင်ချုပ်ဖြစ်သူ ''လောဒ်အမ်းဟတ်''ကို ဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီကို ''အမ်းဟတ်'' ဟုအမည်ပြောင်းခဲ့သည်ကို သိရှိပြီးဖြစ်သည်။ သာယာသောနေ့တစ်နေ့တွင် ''ဝေါလစ်'' သည် တပ်မြို့တွင်းရှိ တည်းခိုရာ အိမ်မှ တပ်မြို့ရိုးအပြင်ရှိ တောင်ဘက်တောတန်းတစ်လျှောက် လမ်းလျှောက်ထွက်ခဲ့သည်။ မိမိမမြင်ဖူးသော ပင်လုံးကျွတ်ပန်းနီနီများပွင့်နေသော အပင်တစ်ပင်ကို မြင်တွေ့ရသည်။ 

''ဝေါလစ်''သည် နောင်အခါ ထိုအပင်ကို ဘုရင်ခံချုပ်အမ်းဟတ် ကတော်ကို ဂုဏ်ပြုသောအားဖြင့် ''Amherstia Nabilis'' ဟု ရုက္ခဗေဒအမည်ပေးခဲ့သည်။ ''ကရောဖို့''က လင်ယောကျာ်းဖြစ်သူကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။ ဝေါလစ်တွေ့မြင်ခဲ့သော အပင်ကား ဟင်္သာပြဒါးရောင်အပွင့်များပွင့်သော ''သော်က''ပင်ဖြစ်သည်။

''ဝေါလစ်''သည် သစ်တောကြီးများအတွင်း ဆင်ဖြင့် လှည့်လည်ရင်း သစ်များကို ရေတွက်သတ်မှတ်သည်။ အလျား(၂)မိုင်၊ အနံကိုက် (၈ဝ) ရှိသော တောတန်းတစ်ခုတွင် ရေတွက်ကြည့်ရာ လုံးပတ် (၁) ပေ (၄) လက်မနှင့် အထက်တွင်ရှိသော ကျွန်းပင်ပျမ်းမျှ (၂၅ဝ) တွေ့ရသည်။ ''ဝေါလစ်'' ၏ အစီရင်ခံစာတွင် မိမိမြင်ဘူးသမျှ သစ်တောများအနက် မြန်မာ့ကျွန်းတောသည် ပြိုင်စံမရှိကြောင်း၊ ကျွန်းပင်များကို အတားအဆီးမရှိ ခုတ်ချင်တိုင်းခုတ်၊ ထုတ်ချင်တိုင်းထုတ်ခွင့်ပြုလျှင်၊ ကျွန်းတောများပြုန်းတီးနိုင်ကြောင်း၊ ခုတ်၍ မကုန်သေးသော သစ်တောဟူ၍မရှိ လူတို့ဆန္ဒရှိသမျှ သစ်အမြောက်အမြား စဉ်ဆက်မပြတ် ဖြည့်စွမ်းပေးနေသော သစ်တောဟူ၍ မရှိကြောင်း အစီရင်ခံသည်။ ''ဝေါလစ်'' အပြန်ခရီးတွင် ကျွန်းသစ်အချို့ယူငင်တင်ဆောင်သွားရာ စရိတ်ကျေရုံမက အမြတ်ပင်ထွက်သေးသည်။

မြန်မာနိုင်ငံတွင် အမေရိကန်နှစ်ခြင်းခရစ်ယာန် ဂိုဏ်းကို စတင်တည်ဆောင် ဆရာယုဒသန် (Dr. Adoniram  Judson) သည်။ မေ ၁၈၂၇ တွင် သာသနာပြုရန် ကျိုက္ခမီမှ မော်လမြိုင်သို့ ပြောင်းရွှေ့လာသည်။ ဗိုလ်ချုပ်ကင်းဗဲက ဆရာယုဒသန်နေအိမ်ဆောက်ရန်အတွက် တပ်မြို့တောင်ဘက် (၆) ဖာလုံခန့်အကွာရှိ မြေကွက်တစ်ကွက် ပေးသည်။ ယုဒသန်၏ နေအိမ်သည် ဓနိမိုးဝါးထရံကာ ဖြစ်သော်လည်း သာယာငြိမ်းချမ်းပြီး သံလွင်မြို့ရှု့ခင်းကို ကောင်းစွာ ကြည့်ရှု့နိုင်သည်။ ယခုခေတ်  ဗဟိုလမ်းရှိ ပြည်နယ်ပညာရေးမှူးရုံးနေရာတွင်ရှိခဲ့သည်။ မကြာမီမှာပင် ပထမနှစ်ခြင်း အသင်းတော် (မော်လမြိုင်) အတွက် ထားဝယ်တံတားလမ်းတစ်လျှောက်၊ အောက်လမ်းမကြီးမှ တောင်ခြေအထိမြေကွက်များကို ကင်းဗဲက စရန်ချပေးသည်။

ဆရာယုဒသန်သည် ၁၈၇၂ မှာပင် ပထမနှစ်ခြင်းအသင်းတော် (First Baptist Chruch) ကို အထက်လမ်းမကြီးနှင့် ထားဝယ်တံတားလမ်းထောင့်တွင် တည်ဆောက်ခဲ့သည်။ ၂ ဒီဇင်ဘာ ၁၈၇၂ တနင်္ဂနွေနေ့တွင် မော်လမြိုင်အသင်းတော်ကို ဆရာယုဒသန် ဦးဆောင်၍ တည်ထောင်သည်။ မော်လမြိုင် အသင်းတော်သည် ရန်ကုန်အသင်းတော်၊ ကျိုက္ခမီအသင်းတော်တို့ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယရှေးအကျဆုံး အသင်းတော်ဖြစ်သည်။ ဤသို့ဖြင့် မော်လမြိုင်မြို့သည် နှစ်ခြင်းအသင်းတော်၏ ဌာနချုပ်ဖြစ်လာသည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ရခိုင်နှင့် မဏိပူရ စစ်မျက်နှာ၌ မြန်မာတပ်နှင့် အင်္ဂလိပ်တပ်များ ပြင်းထန်စွာတိုက်ခိုက်နေစဉ် အင်္ဂလိပ်တို့သည် ဗိုလ်ချုပ်ကင်းဗဲကို စစ်သည် ၁၁၅၀ဝ ဖြင့် ရန်ကုန်သို့ ရေကြောင်းချီစေသည်။ ၁၀ မေ ၁၈၂၄ တွင်  ကင်းဗဲ၏ တပ်များ ရန်ကုန်သို့ ရောက်သည်။ ထိုစဉ်က ရန်ကုန်တွင် မြန်မာမြို့စောင့်တပ် အနည်းငယ်သာရှိသဖြင့် အင်္ဂလိပ်တပ်များက ရန်ကုန်တစ်ဝိုက်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်သည်။
၂၄ ဒီဇင်ဘာ ၁၈၂၄ တွင် ဗိုလ်ချုပ်ကင်းဗဲက ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ကြေညာချက်တွင် မွန်များကို အင်္ဂလိပ်တို့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် နေထိုင်ရန် တိုက်တွန်းထားသည်။ ထို့ပြင် မွန်တို့အနေဖြင့် မိမိတို့လူမျိုးထဲမှ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရန်နှင့် ထိုခေါင်းဆောင်ကို မိမိ (ကင်းဗဲ)က အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကင်းဗဲသည် ``မွန်ဘုရင်နိုင်ငံတော်´´ကို တစ်ဖန်တည်ထောင်ပေးရန် အာသီသရှိသည်။ မွန်တို့နှင့် ဆက်ဆံရေး ပြေလည်သည်။

၈ ဖေဖော်ဝါရီ ၁၈၂၇ တွင် သံလျင်မြို့ ကျဆုံးပြီးနောက်၊ မွန်စစ်ပြေး ဒုက္ခသည်များသည် မွန်ခေါင်းဆောင်များ ဦးဆောင်သော အစုအဖွဲ့များဖွဲ့ကာ ရေကြောင်းဖြင့် မော်လမြိုင်သို့ ဆုတ်ခွာလာကြသည်။ ဗိုလ်ချုပ်ကင်းဗဲသည် မော်ထော်လေး၊ မောင်ငံ၊ မောင်ဘိုးစောနှင့် မောင်သာယာ တို့ဦးဆောင်သော မွန်စစ်ပြေးအစုအဖွဲ့များကို တပ်မြို့ပြင် တောင်ဘက်၌ နေရာချထားပေးသည်။ မွန်ခေါင်းဆောင်တို့၏ အမည်ဖြင့် ရပ်ကွက်များ ပေါ်ပေါက်လာသည်။ မော်လမြိုင်တွင် ရပ်ကွက်များ တည်ထောင်ပြီးနောက် မောင်စပ် (သမိန်ပရူး) ဦးဆောင်သော မွန်စစ်ပြေးဒုက္ခသည်များ မော်လမြိုင်ဘက်သို့ ရောက်လာသောအခါ မော်လမြိုင်တွင် မြေလွတ်များစွာ မကျန်တော့ချေ။ ထို့ကြောင့် မော်လမြိုင်နှင့် မနီးမဝေး အတ္ထရံမြစ်ကမ်းနှင့် မလှမ်းမကွာတွင် ``မင်းရွာ´´ကို တည်ထောင်နေရာချထား ပေးရသည်။

အင်္ဂလိပ်တို့ လက်အောက်ကျရောက်နေသော မော်လမြိုင်တွင် စားဝတ်နေရေး၊ လုံခြုံရေးအခြေအနေ ကောင်းကြောင်း သတင်းကြားရသောအခါ ရန်ကုန်နှင့် ပဲခူးမှ မွန်အချို့သည် ကုန်လမ်းဖြင့် မော်လမြိုင်သို့ ပြောင်းရွှေ့လာကြသည်။ မော်လမြိုင်သို့ရောက်သောအခါ မီးလောင်ပြင်ရပ်ကွက်တွင် ကျူးကျော်တျာဲး ဆောက်လုပ်နေထိုင်ကြသည်။ ကာလအတန်ကြာသော် ထိုရပ်ကွက်တွင် ကျူးကျော်တဲအိမ်များ ပြွတ်သိပ်လာသည်။

ထိုရပ်ကွက်သည် တပ်မြို့အတွင်း အနောက်ပိုင်း သံလွင်မြစ်ကမ်းတွင်ရှိသဖြင့် တပ်မြို့ကာကွယ်ရေးအတွက် တပ်စခန်းချရန်လိုအပ်လာသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကင်းဗဲက ရပ်ကွက်နေ လူထုကို ဒိုင်းဝန်ကွင်း ``ပဲခူးချောင်´´သို့ ပြောင်းရွှေ့ရန် အမိန့်ပေးသည်။ ထိုစဉ်က ပဲခူးချောင်သည် တောကြီးမျက်မည်ဖုံးလွှမ်းလျက်ရှိသည်။ လူဆိုး၊ လူမိုက်များ ကျက်စားရာနှင့် တောရိုင်းတိရစ္ဆာန်များ ခိုအောင်းရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ရပ်ကွက်နေလူထုသည် ပဲခူးချောင်သို့ ပြောင်းရွှေ့ခြင်းမပြုဘဲ နေရင်း ရပ်ကွက်မှာပင် ဇွတ်ပေး၍ နေထိုင်ကြသည်။ ထိုအခါ ဗိုလ်ချုပ်ကင်းဗဲသည် ကျူးကျော်ရပ်ကွက် ပြဿနာကို မီးရှို့သောနည်းဖြင့် ဖြေရှင်းလိုက်လေတော့သည်။ အထက်ပါနည်းကို သုံးစွဲသူများအနက် ကင်းဗဲသည် ပထမဆုံးဖြစ်သည်။

မီးဘေးသင့်ခံရသူများတွင် ရန်ကုန်မှ ပြောင်းရွှေ့လာသူ ``ဦးပြော့´´နှင့် သား ``ဦးသာညှင်း´´ မိသားစုနှင့် ဆွေမျိုးသားချင်းများပါဝင်သည်။ အဆိုပါ ``ဦးသာညှင်း´´မှာ မော်လမြိုင် အ.ထ.က (၉) ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သူဖြစ်သည်။ ဦးဇိနဘုရားမြောက်ဘက်မုခ်ရှိ ``ပန်းရန်ပျံဝတ်´´၏ ဒါယကာလည်း ဖြစ်သည်။ မီးဘေးသင့်ခံရပြီးနောက် ဦးသာညှင်းနှင့် ဆွေမျိုးသားချင်းများသည် အတ္ထရံမြစ်တစ်ဘက်ကမ်း၊ ညောင်ပင်ဆိပ်ရွာအနီးတွင် ``ထပ်ကျေးရွာ´´ကို တည်ထောင်၍ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ကင်းဗဲသည် ကျူးကျော်ရပ်ကွက်ကို ရှင်းလင်းပြီးသောအခါ ထိုရပ်ကွက်တွင် မဒရပ် (Madras) အမြောက်တပ်ရင်းမှ တပ်ခွဲ(၁)ခွဲကို နေရာချထားသည်။ ထိုတပ်ခွဲမှ အမြောက်ကြီးများသည် သံလွင်မြစ်တစ်ဖက်ကမ်း မုတ္တမမြို့ရှိ မြန်မာတပ်စခန်းရှိရာသို့ ချိန်ထားသည်ကို တွေ့ရသည်။

ကင်းဗဲသည် ၁၈၂၄ ခုမှ ၁၈၂၉ ခုအထိ မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သည်။ ၁၈၂၉ တွင် အငြိမ်းစားယူသည်။ ကင်းဗဲ အငြိမ်းစားယူသည်မှ (၁၁၉)နှစ်အကြာ ၄ ဇန်နဝါရီ ၁၉၄၈ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်။ လွတ်လပ်ရေးရပြီး (၈၄)ရက်အကြာ ၂၈ မတ် ၁၉၄၈ တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသည်။ ပြည်တွင်းစစ် စတင်ဖြစ်ပွားသည်။ ၂၀၁၆ ခု အရောက်တွင် ပြည်တွင်းစစ်သက်တမ်းသည် (၆၆)နှစ်ရှိပြီ ဖြစ်သည်။ (၆၆)နှစ်အတွင်း တောကျေးလက်ရွာများမှ စစ်ရှောင်ဒုက္ခသည်တို့သည် မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့လာပြီး၊ ကျူးကျော်တဲအိမ်များ ဆောက်လုပ်နေထိုင်ကြသည်။ ပြည်တွင်းစစ် အစပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က ကျူးကျော်ရပ်ကွက်များကို ဖယ်ရှားရာတွင် ``ကင်းဗဲနည်း´´ကို အသုံးပြုခဲ့ကြသည်။ ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်တွင် မြို့ကြီးပြကြီးများ၌ စစ်ရှောင်ဒုက္ခသည်များ၏ ကျူးကျော်ရပ်ကွက်များ သာမက သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်ကို စွန့်ခွာပြီး မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့နေထိုင်သော ဒုက္ခသည်များ၏ ကျူးကျော်ရပ်ကွက်များလည်း ပေါ်ပေါက်လာသည်။ ထိုအခါ သက်ဆိုင်ရာတို့က ``ကင်းဗဲနည်း´´ ကို မသုံးတော့ဘဲ ဘူဒိုဇာဖြင့် တွန်းဖြိုသော နည်းကို သုံးစွဲလာကြသည်။

2 မှတ်ချက်များ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်