မော်လမြိုင်၊ မတ် ၄ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်း အပိုင်း (၆) စီမံကိန်းကို မတ်လအတွင်း အပြီးသတ်နိုင် မည်ဖြစ်ကြောင်း အဆိုပါ ကမ်းနားလမ်း တာဝန်ယူဆောက်လုပ်နေသော စုန်ရေဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးကျော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

သံလွင်စျေး (ညောင်လေးပင်ချောင်း)မှ ကျောက်မီးသွေးစက်ရုံဆိပ်ကမ်းအထိ တိုးချဲ့ကမ်းနားလမ်းစီမံကိန်းကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှ လုပ်ငန်းစတင်ခဲ့ကြောင်း ၎င်းက ပြောသည်။
road
အရှည် ၄၆၅ဝ ပေ ရှိသည့် တိုးချဲ့ကမ်းနားလမ်းစီမံကိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ မွန်ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်နှင့် မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စုန်ရေ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အဓိကကတော့ ကျွန်တော်တို့ မော်လမြိုင်မြို့မှာ အထက်လမ်းမကြီးနဲ့ အောက်လမ်းမကြီးက ကားကြပ်နေပြီးလေ အဲလမ်းကြီးဖြစ်သွားရင် စျေးကြိုကနေ ဒိုင်းဝန်ကွင်းအထိ ကမ်းနားလမ်းပေါ်သွားရင် အဲလမ်းတွေ ချောင်သွားမှာပေါ့”ဟု စုန်ရေဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးကျော်က ပြောသည်။

ကတ္တရာလမ်းအကျယ် ၄ဝ ပေ ရှိသည့်အနက် ပေ ၄ဝ တံတား နှစ်စင်း၊ ပေ ၂ဝ တံတား သုံးစင်း၊ အကျယ် ရှစ်ပေစီရှိသည့် ပလက်ဖောင်းနှင့် ရေမြောင်းများစသည့် စီမံကိန်းလုပ်ငန်းများကို ၈၁ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

စုန်ရေဆောက်လုပ်ရေးကုမ္ပဏီမှ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီသို့ ရန်ပုံငွေ ကျပ်သိန်း ၂၅ဝဝဝ လှူဒါန်းမည်ဖြစ်ပြီး စုန်ရေဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ စီမံကိန်းလုပ်ငန်းများအတွက် စိုက်ထုတ်သုံးစွဲငွေ ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း ရဝဝဝဝ ကျပ်ခန့်မှန်းကြောင်း ၎င်းက ရှင်းပြသည်။

တိုးချဲ့ကမ်းနားလမ်းဆောက်လုပ်ရာတွင် ကျုးကျော်အိမ် ၁၂၈ လုံးအတွက် နစ်နာကြေးများကို အိမ်အမျိုးအစား ပေါ်မှုတည်၍ ငွေခုနှစ်သိန်းနှင့် ကိုးသိန်း လျော်ကြေးပေးခဲ့ကြောင်း ၎င်းက ပြောသည်။

မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်တွင် အပိုင်း(၁) အမှတ် (၄) တံတားမှ မြိတ်တံတား ပေရှည် ၁၃၄၈၊ အပိုင်း (၂) ထားဝယ်တံတားမှ ရာမညတံတား ပေရှည် ၂၈၈ဝ၊ အပိုင်း(၃) မြိတ်တံတားမှ အတ္တရံဟိုတယ် ပေရှည် ၂၈၅ဝ၊ အပိုင်း(၄) ရာမညတံတားမှ သိပ္ပံလမ်း ပေရှည် ၉၅ဝ၊ အပိုင်း (၅) သိပ္ပံလမ်းမှ သံလွင်စျေး(ညောင်လေးပင်ချောင်း) ပေရှည် ၂၃၉ဝနှင့် အပိုင်း (၆) သံလွင်စျေး(ညောင်လေးပင်ချောင်း)မှ ကျောက်မီးသွေးရုံဆိပ်ကမ်းလမ်းအထိ ပေရှည် ၄၆၅ဝ တို့ရှိပြီး ကမ်းနားလမ်းအရှည်ပေ စုစုပေါင်း ၁၅၀၆၈ ဖြစ်ကြောင်း သိရသည်။

Leave a Reply