မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ်တွင် ဇန်နဝါရီ ၃၀ ရက်နေ့က ၅၀ ကျပ်တန် စက္ကူကံစမ်းမဲနှိုက် လောင်းကစားပြုလုပ်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

ရွှေလမ်းမကြီးနှင့် စာရေးကြီးကုန်း ၆ လမ်းထိပ်တွင် မဲနှိုက်လောင်းကစားနေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့ရာ ၎င်းရပ်ကွက်နေ ဒေါ်ငွေလေး( ၆၀ နှစ်) ၏ အသုပ်ဆိုင်ဘေးတွင် မဲနှိုက်လောင်းကစားရန် ပြင်ဆင်ထားသည့် အလျား ၂ ပေခွဲခန့်၊ အနံ ၂ ပေခန့်ရှိပြီး မညို- အိုးစည် အမည်စာတမ်းပါ ပေါက်မဲပစ္စည်းများကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“၁ ကနေ ၁၅၀၀ အထိရေးသားထားပြီး မဲနံပါတ်ကပ်ထားတဲ့ အောက်ခံသုံးထပ်ပြား တစ်ခုနဲ့ ပေါက်မဲနံပါတ်တွေ ကပ်ထားတဲ့ ကော်ဖီမစ်ထုပ်တွေ ၊ ရေနွေးဓာတ်ဗူး စတဲ့ ပစ္စည်းအမျိုးစုံနဲ့ မဲနှိုက်ပြီးသား မဲစက္ကူဖြတ်ပိုင်းတွေနဲ့ ငွေစက္ကူ ၃၉၀၀ ကျပ်ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်ငွေလေးကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းပစ္စည်းများမှာ လွန်ခဲ့သော တစ်လခန့်က မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်နေ မဇင်မာဝင်း( ၄၀ နှစ်) ဆိုသူက ငွေ ၁၀,၀၀၀ ကျပ်ရောင်းရလျှင် အကျိုးအမြတ် ငွေ ၁,၀၀၀ ကျပ် ပေးမည်ဟု ဆိုကာ ရောင်းချပေးရန် ပို့ဆောင်ပေးခဲ့ခြင်းဟု ထွက်ဆိုကြောင်း ရဲစစ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေါ်ငွေလေးနှင့် မဇင်မာဝင်းတို့နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၅၄/ ၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅ (က)/ ၁၆ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ ဒုရဲအုပ် ဇေယျာသိန်းက ပြောသည်။

Written by ခေတ်မင်း

Leave a Reply