မော်လမြိုင်၊ဖေဖော်ဝါရီ ၁၈ ။ ။ မော်လမြိုင်မြို့အတွင်း လိုင်းကားစီးသူ နည်းပါးလာမှုကြောင့် ငါးနှစ်အတွင်း လိုင်းအစီးရေ ၅၀၀ ကျော်ထိ လျော့ကျခဲ့ကြောင်း မော်လမြိုင်မြို့နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးတင်မောင်ဆိုင်က ပြောသည်။

mlm-car
“ယခင်နှစ်တွေက လိုင်းကားမောင်းတဲ့ သူတွေက (VOC) က စက်သုံး ဆီရလို့ လိုင်းကား မောင်းကြတယ်၊ ( VOC)က ဆီမရတဲ့ နောက်ပိုင်းမှာ ကိုယ်ဆီနဲ့ကိုယ်မောင်းရတော့ ကားပြန်ရောင်းတဲ့ လူနဲ့ စာအုပ်ပြန်အပ်တဲ့ လူတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ခုနှစ်တွင် မော်လမြိုင်မြို့အတွင်း လိုင်းကား ၆၀၀ ကျော် ပြေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်မှ စပြီး ယခုချိန်ထိ လိုင်းကား ၁၀၀ ကျော်သာ ပြေးဆွဲနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၃ ခုနှစ်တွင် အမှတ်(၁၄) စက်မှုဇုန်မှ စျေးကြီးကို ပြေးဆွဲနေသည့် လိုင်းကားများ အတ္ထရံ တံတားကြေး အသွားအပြန် ပေးဆောင်ရပြီး တံတာကြေး ညှိးနှိုင်းမှု အဆင်မပြေသည့်အတွက်ကြောင့် အဆိုပါ လိုင်းကားများ ရပ်နားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“လူတွေက လိုင်းကားကို သိပ်မစီးကြတော့ဘူး၊ ဆိုင်ကယ်တက္ကစီသမားတွေက ကြားထဲက ဖြတ်ဖြတ်တင်တော့ ကျွန်တော်တို့အတွက် အဆင်မပြေတော့ဘူး၊ တစ်နေ့လုံးမောင်းမှ ၅၀၀၀ လောက်ဘဲကျန်တယ်” ဟု အမှတ် (၈) လိုင်းကား မောင်းနေသူတစ်ဦးက ပြောသည်။

မော်လမြိုင် မြို့တွင်း တွင် အမှတ် (၁) ယာဉ်လိုင်း ၊ အမှတ်(၅)ယာဉ်လိုင်း ၊ အမှတ်(၆) ယာဉ်လိုင်း ၊ အမှတ် (၇) ယာဉ်လိုင်း ၊ အမှတ်(၈)ယာဉ်လိုင်း နှင့် အမှတ် (၁၂) ယာဉ်လိုင်း ၆ လိုင်းပြေးဆွဲလျက်ရှိသည်။

Leave a Reply