မော်လမြိုင် မြို့ရှိ မွန်ပြည်နယ် ပြည်တွင်း အခွန် ဦးစီးဌာန ရုံးအား တွေ့ရစဉ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်အထိ အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ၁၉၃၇ သန်းကျော် ကောက်ခံရရှိထားကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ဟင်္သာမီဒီယာသို့ ပြောသည်။

Taxas office

မော်လမြိုင်မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရန် ၈၃၆၆ သန်းကျော် လျာထားခဲ့ပြီး လက်ရှိအချိန်တွင် အခွန်ကောက်ခံရရှိမှုပမာဏသည် ယခင်နှစ်ထက် လျော့နည်းလျက်ရှိကြောင်း ၎င်းထံမှ သိရသည်။

“ဒီနှစ်မှာ လျာထားချက်အတိုင်း ပြည့်မီအောင် ကောက်ခံဖို့မလွယ်ဘူး ဖြစ်နေတာက အရင်နှစ်တွေတုန်းက ဒီအချိန်ဆို တင်ဒါလေလံက အကုန်လုံးနီးပါး ပြီးစီးနေပြီး၊ ဒီနှစ်မှာတော့ တင်ဒါလေလံတွေ မပြီးစီးသေးတဲ့အတွက် လက်ရှိရရှိထားမှုက အရင်နှစ်ကထက် နည်းနေသေးတာပါ” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန် စသည့် အခွန်အမျိုးအစားလေးမျိုးကို ကောက်ခံခြင်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် အထူးကုန်စည်ခွန် အမျိုးအစားတစ်မျိုး တိုးလာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ်အတွင်း ပြဋ္ဌာန်းလိုက်သည့် အခွန်ဥပဒေတွင် ထပ်မံတိုးလာသည့် အထူးကုန်စည်ခွန်များနှင့် ပတ်သက်၍ ပြည်သူများသိရှိရန် ပြည်နယ်တွင်းရှိ မြို့နယ်များတွင် အခွန်ကောက်ခံမှုဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က အခွန်ကောက်ခံမှု ကျပ်သန်းပေါင်း ၁၄၇၁၉ ဒသမ ၃၂၇ကျပ် ကောက်ခံရရှိခဲ့သဖြင့် အခွန်ကောက်ခံရရှိမှု တိုးတက်ခဲ့ကြောင်း ဦးဝင်းခိုင်ထံမှ သိရသည်။

Leave a Reply