မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၁၉ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရဲဘော်ကုန်း (၁) လမ်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က မူးယစ်ဆေးဝါးသတင်းအရ ဦးမင်းမြတ်သူ (ခ) မင်းသူ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

ဦးမင်းမြတ်သူ နေအိမ် ရှိ အဝတ်များထည့်သွင်း အသုံးပြုသည့် ဘီရို နှင့် တံခါးကြားမှ အနက်ရောင် ပလပ်စ တစ်အိတ်တွင် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်း ထည့်လျက်ရှိသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြားနှင့် အိပ်ခန်းရှိ ခေါင်းရင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ ၉၀၀၀၀ ကျပ်တို့ကို တွေ့ရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းထံမှ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၄ နာရီခွဲတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာနေ (အမည်အတိအကျမသိ) ကရင်အမျိုးသမီး၊ အမိုး(မ)နေအိမ်သို့ ကိုယ်တိုင်သွားရောက်ပြီး ဆေးပြား၂၀၀ ပြားပါ တစ်ထုပ်အား ၄၈၀၀၀၀ ကျပ်ဖြင့် ကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် အတွက်ဝယ်ယူခဲ့ပြီး တစ်ပြားလျှင် ၅၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချရာမှ ကျန်ရှိသော ဆေးပြားများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဦးမင်းမြတ်သူ (ခ) မင်းသူ အား မော်လမြိုင် မြို့မရဲစခန်းတွင် မယ (ပ) ၃/၂၀၁၆၊ မူးယစ်/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့် အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

Leave a Reply