Advertisements

မော်လမြိုင်၊ ဇူလိုင်

မော်လမြိုင်မြို့နယ်၊ (မော်လမြိုင်) သံလွင်တံတား၊ စည်ပင်သာယာရေး ဘီးခွန်စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၃ ရက် ညနေ ၅ နာရီခန့်က ဘိန်းဖြူဘလောက်တုံးနှင့် စိတ်ကြွရူး
သွပ်ဆေးပြားများကို မွန်ပြည်နယ် မှုခင်းအကူဌာနစုမှ ဖမ်းဆီးလိုက်သည်။

အဆိုပါအမှုကို ဇွန် ၂၄ရက်ကတည်းက ကြိုတင်သတင်းရယူ၍ စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ့် လမ်းကြောင်းတွေမှာ စုံစမ်းစောင့်ဆိုင်း နေတဲ့အချိန်မှာပဲ ဇူလိုင် ၅ ရက်နေ့မှာ ဆလွန်းကားတစ်စီးနဲ့ ပေါင်မုန့် ကားတစ်စီး ဝေါမြို့ဘက်ကနေ မွန်ပြည်နယ်၊ စစ်တောင်းတံတားဖြတ်ကျော်လာပြီလို့ သတင်းရတယ်”ဟု ဖမ်းဆီးရန်စီစဉ်သည့် အခြေအနေအချို့ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ရှင်းပြသည်။

ယင်းနောက်တွင် ပေါင်မြို့နယ်၊ မုတ္တမမှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော Vitz အမျိုးအစား ယာဉ်ကိုသံလွင်တံတား(မော်လမြိုင်ဘက်အဝင်)တွင် ရပ်တန့်စေပြီး ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း စံဝင်း (၂၈ နှစ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ တန်းလျား (၁) ရပ်ကွက်နေသူ)နှင့်အတူ ယာဉ်ရှေ့ခန်း၌ လိုက်ပါလာသူ စန်းလွင် (၃၇ နှစ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်နေသူ) တို့နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ယာဉ်ရဲ့ အနောက်ခန်းကို ရှာဖွေစစ်ဆေးရာရောင်စုံပလတ် စတစ်ခြင်းအတွင်းမှာ အမည်းရောင်ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅,၀၀၅ ပြား၊ အလေးချိန် ၃၅၀ဂရမ်ရှိ ဘိန်းဖြူဘလောက်တုံး ၁ တုံးနဲ့ ဆက်သွယ်အသုံးပြုလို့ရတဲ့ ဆင်းကတ်ပါ လက်ကိုင်ဖုန်း နှစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်” ဟု ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ကျော်ဆန်းက ဟင်္သာသို့ ပြောသည်။

ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါဆေးပြားများမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ်၊ နမ့်မလင်းကျေးရွာနေ ဒေါ်တင်တင်လှ (ခေါ်) ဒေါ်နန်းစံတွမ်း၏ ဆေးဝါးပစ္စည်းများ ဖြစ်ကြောင်း၊ ထွက်ဆိုခဲ့သဖြင့် အနီးဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့ရာ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ဒိုင်းဝန်ကွင်းလမ်းမပေါ်၌ AD/Van အမျိုးအစား ယာဉ်ပေါ်လိုက်ပါလာသည့် ဒေါ်တင်တင်လှ (ခေါ်) ဒေါ်နန်းစံတွမ်း (၅၇နှစ်)နှင့် သားဖြစ်သူ အောင်စိုးစိုးဝင်း (၂၃ နှစ်)တို့ကို ယာဉ်မောင်း ကျော်နိုင် (ခေါ်) ဖိုးခွားနှင့်အတူ ထပ်မံတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။

ရဲတပ်ဖွဲ့စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးများကို သထုံမြို့နယ်တွင် မော်တော်ယာဉ်ချင်း ချိန်းယူသယ်ဆောင်ခဲ့သည်ဟု ပေါ်ပေါက်သဖြင့် ယင်းအမှုနှင့် စပ်လျဉ်းသည်ဟုယူဆရသော လူနှင့် ယာဉ်အချို့ကို ဆက်လက်ရှာဖွေနေကြောင်းလည်း သိရသည်။

ကနဦးရရှိသော သတင်းများအရ ဖမ်းမမိသေးသော စာရင်းတွင် လူမှုကူညီရေးအသင်းတံဆိပ်တပ် ယာဉ်တစ်စင်းပါဝင်ကြောင်း သိရသော်လည်းအသေးစိတ် အချက်အလက်များကိုမူ ရဲတပ်ဖွဲ့ထံမှ မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်တင်တင်လှ (ခ)ဒေါ်နန်းစံတွမ်း၊ ဦးစံဝင်း၊ စန်းလွင်၊ မော်နိုင်ကျော် (ခ) ဖိုးခွာနဲ့ အောင်စိုးစိုးဝင်း တို့ ၅ ဦးကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ မူးယစ် (ပ) ၁၀/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ၂၀(က) ၂၁ တို့ဖြင့် အမှုဖွင့်ကာစခန်းမှူး ရဲအုပ် ကျော်သူရကစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply