Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်ရှေ့နေအသင်းမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ရှေ့နေများကို နွေရာသီ တရားစီရင်ရေးဆိုင်ရာ အထောက်အကူပြု ဥပဒေသင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ရှေ့နေများအသင်း (တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ်)ဥက္ကဋ္ဌ ဦးနီနီယုက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ သင်တန်းကို မော်လမြိုင်မြို့ ရှေ့နေအသင်းရုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ တစ်ပတ်လျှင်နှစ်ကြိမ်ဖြင့် နှစ်လကြာသင်တန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြို့နယ်မှာရှိတဲ့ ရှေ့နေတွေ၊ အလုပ်သင်ရှေ့နေတွေ၊ ဥပဒေဘွဲ့ရများနဲ့ ဥပဒေ ကျောင်းသား/ကျောင်းသူတွေကို ပညာပြည့်ဝ၊ နှလုံးလှသော ရှေ့နေများ ဖြစ်ထွန်းရေးနဲ့ ဥပဒေအသိပညာပြန့်ပွားစေရန်အတွက် ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို ပေးခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသင်တန်းတွင် နှစ်ပေါင်း ၃၀ ခန့်အတွေ့အကြုံရှိသော ရှေ့နေကြီးများက သင်ကြားပေးမည်ဖြစ်ပြီး၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေအထူးနှင့် အထွေထွေ ဥပဒေများ၊ မြန်မာဓလေ့ထုံးတမ်း ဥပဒေများရာဇဝတ်ကျင့်ထုံးဥပဒေစသည့်် ဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း ၎င်းင်းက ထပ်မံရှင်းပြသည်။

အဆိုပါ နွေရာသီ တရားစီရင်ရေးဆိုင်ရာ အထောက်အကူပြု သင်တန်းကို မော်လမြိုင်မြို့နယ်တွင် တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး၊ သင်တန်းသားဦးရေကန့်သတ် ထားခြင်းမရှိကြောင်း ဦးနီနီယု က ပြောသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply