မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၄၂ ကြိမ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဖူဆယ် ဘောလုံးပြိုင်ပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

fusel

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မွန်ပြည်နယ်အား/ကာကော်မတီက ကြီးမှူး၍ မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း၌ စတင်ကျင်းပမည်ဖြစ်ပြီး အသက် ၂၀ အောက်ပြိုင်ပွဲဖြစ်ကာ အသင်းအရေအတွက် မကန့်သတ်ထားကြောင်း ပြည်နယ်အားကစား လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

“ဒီလိုပြိုင်ပွဲလုပ်မှ ကစားခွင့်တွေ ပိုရမယ်။ ပိုတိုးတက်တဲ့ ကစားသမားတွေ ဖြစ်လာမယ်၊ မွန်ပြည်နယ်အတွက် အားထားရတဲ့ ကစားသမားတွေ ထွက်လာမယ်။ ပြီးတော့မှ နိုင်ငံအတွက် အားထားရတဲ့ ကစားသမားတွေ ပေါ်ထွန်းလာမယ်။အဲတော့ ဘာပဲပြောပြော အားလုံးကို လာရောက်ကစားစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ ပြည်နယ်အတွင်း ဘောလုံးပြိုင်ပွဲများမကြာခဏကျင်းပပေးပါက ကောင်းမွန်ပြီး ဝင်ရောက်ယှဉ်ပြိုင်ချင် သော်လည်း ကျောင်းစာမေးပွဲရှိသောကြောင့် ဝင်မပြိုင်နိုင်ကြောင်း မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် တွင်နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ကိုငွေဇင်ဟိန်းက ပြောဆိုသည်။

“ဒီလိုများများကျင်းပပေးရင် ကျွန်တော်တို့လို ဘောလုံးဝါသနာပါတဲ့သူတွေအတွက် အခွင့်အရေးပိုရတာပေါ့”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဆယ်ရက်ကြာကျင်းပမည့် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း နှင့် ကျန်ဆီမီးဖိုင်နယ်တက်ရောက်နိုင်သည့် နှစ်သင်းကို ပူးတွဲ တတိယဆုအဖြစ် ကျပ် တစ်သိန်းစီ အသီးသီးဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်နယ်အားကစား လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော် က ရှင်းပြသည်။

ထိုပြိုင်ပွဲသည် အသက် ၂၀ အောက်ပြိုင်ပွဲဖြစ်သော်လည်း အသင်းတစ်သင်းလျှင် အသက် ၂၀ ကျော်ကစားသမားတစ်ဦး ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်နေ့အထိမ်းအမှတ်ဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကလည်း ကျင်းပခဲ့ပြီး သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေ၌ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ထံမှ သိရသည်။

Leave a Reply