(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများသင်တန်း ပို့ချပေးနေစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံးတွင် မွန်၊ ကရင်၊ တနင်္သာရီဒေသများမှ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လုပ်ငန်းလုပ်ကိုင်နေသူများကို ဇန်နဝါရီ ၅ ရက်က လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများသင်တန်း ပြုလုပ်ပေးလျက် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသင်တန်းကာလမှာ ငါးရက်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းကို မွန်ပြည်နယ်တွင် ငါးကြိမ်မြောက် သင်တန်းပေးခြင်းဖြစ်ကြောင်းနှင့် ယင်းသင်တန်းကို သင်တန်းသား ၈၉ ဦးတက်ရောက်ကြကြောင်း ယင်းဌာနမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများသင်တန်း ပို့ချပေးနေစဉ်)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများသင်တန်း ပို့ချပေးနေစဉ်)

လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်းတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ် ရရှိပြီးမှသာလျှင် ပိုးသတ်ဆေး လက်လီ လက်ကား ရောင်းချခွင့်လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ကြောင်း မွန်ပြည်နယ် သီးနှံကာကွယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်နိုင်က ပြောသည်။

“ပိုးသတ်ဆေး အရောင်းဆိုင်တွေပေါ့နော် ဆိုင်ဖွင့်တဲ့လူတွေကို ပိုးသတ်ဆေး ဥပဒေအရဆိုရင် ဒီသင်တန်း တက်ရမယ်၊ သင်တန်း တက်ပြီးမှ ကျွမ်းကျင်တဲ့လူတွေပေါ့နော် သတ်မှတ်ပြီးမှ ပိုးသတ်ဆေး အရောင်းဆိုင် ဖွင့်လို့ရမယ်”ဟု ၎င်းက ဆိုသည်။

သင်တန်းသားများသည် အဆင့်အမျိုးမျိုးရှိကြသဖြင့် အချို့သောသူများသည် ပိုးသတ်ဆေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ ရရှိရန်ဖြစ်ပြီး၊ အချို့သောသူများမှာ ရောင်းဝယ်ဖောက်ကားရန် တက်ရောက်ကြကြောင်း သင်တန်းမှူး ဒေါက်တာကျင်ကျင်ဝင်းက ပြောသည်။

“ဆရာမတို့နိုင်ငံမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေသုံးတယ်။ သုံးတော့ အန္တရာယ်ကင်းအောင် ဘယ်လို သုံးစွဲရမယ်၊ သုံးစွဲတဲ့လူတွေ အန္တရာယ်ကင်းအောင်၊ သုံးစွဲလိုက်တဲ့ သီးနှံတွေမှာ ကျန်နေတဲ့ ဆေးအာနိသင် တွေရဲ့ ဆိုးကျိုးတွေ စားသုံးသူအဆင့်ထိ ထိရောက်သွာမှာ ဒါကြောင့် ဘယ်လိုသုံးစွဲရမလဲ ဆိုတာသိအောင် သင်တန်းပို့ချတာပါ”ဟု ၎င်းက ပြောသည်။

သီးနှံကာကွယ်ရေးတွင် ဥပဒေများ၊ ပိုးသတ်ဆေး တင်သွင်းတော့မည်ဆိုလျှင် လိုက်နာရမည့် ဥပဒေများ၊ ပိုးသတ်ဆေးသည် အဆိပ် ပစ္စည်းများ ဖြစ်သောကြောင့် ကိုင်တွယ်သုံးစွဲသူလည်း အန္တရာယ်ကင်းရန်နှင့် သုံးစွဲပြီးသောအခါ သီးနှံတွင်ကျန်ပြီး စားသုံးများအပေါ် အန္တရာယ်ရှိစေသော ဆိုးကျိုးများရှိသောကြောင့် ဥပဒေများဖြင့် ထိန်းသိမ်းရန် သင်တန်းများပေးခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

“ကျွန်တော်က ဆန်ရောင်းတာဆိုတော့ အသိပညာလေးရမလားလို့ လာတက်တာပါ၊ ကိုယ်သိရင်တောင်သူ လယ်သမားတွေလည်း အသိပေးလို့ရတယ်၊ သင်တန်းကတော့ စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးသုံးနည်းကိုပဲ အဓိကသင်ပေးတယ် အသိပညာလေးပေါ့ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ကျအောင် ဘယ်လိုကာကွယ်မလဲ၊ လူတွေလည်း အဆိပ်အတောက် သက်ရောက်မှုနည်းမယ်၊ အသက် ရှည်မယ်၊ ကျန်းမာမယ်”ဟု တနင်္သာရီတိုင်း မြိတ်ခရိုင်မှ ကိုမင်းအောင်က ပြောသည်။

Leave a Reply