Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစု ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဖေဖော်ဝါရီ ၁၃ ရက်တွင် စောင့်ဆိုင်းနေစဉ် ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးကို မသင်္ကာဖွယ် တွေ့ရ၍ စစ်ဆေးခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက် ၆ လမ်းနှင့် ၇ လမ်းရှိ နေကြာလမ်းတွင် ရဲတပ်ဖွဲ့က စောင့်ကြည့်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသော ကျော်ကိုကို (၁၉ နှစ်၊ ဈေးကြိုရပ်ကွက်နေ) နှင့် ခန့်စည်သူအောင် (၁၉ နှစ်၊ သီရိမြိုင်ရပ်ကွက်နေ) တို့နှစ်ဦးကို စိစစ်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

“ကောင်လေးနှစ်ယောက်ကို မသင်္ကာလို့ စစ်ဆေးတဲ့အချိန်မှာ ထွက်ပြေးလို့ လိုက်လံဖမ်းဆီး ရှာဖွေတဲ့အချိန်မှာ ကျော်ကိုကို ဝတ်ဆင်ထားတဲ့ ပုဆိုးခါးပုံစအတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ”ဟု တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့ဖြစ်ရာ ကျော်ကိုကိုနှင့် ခန့်စည်သူအောင်တို့နှစ်ဦးကို မုပွန်နယ်မြေရဲစခန်း၌ မယ (ပ) ၉/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က) အရ အမှုဖွင့်ထားကြောင်း မုပွန်နယ်မြေရဲတပ်ဖွဲ့မှ ဒုရဲအုပ် မင်းမင်းထွန်းက ပြောသည်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့

ခေတ်မင်း

Advertisements
<

Leave a Reply