မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် အတွင်းရှိ အသက် ၇၀ ကျော်နှင့်အထက် အဘိုး၊ အဘွား ၆၀ ဦးကို “မြတ်မေတ္တာ” ဘိုးဘွားများ အခမဲ့ဘုရားဖူး ပို့ဆောင်ရေးအဖွဲ့က ဇန်နဝါရီ ၈ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ဘုရားဖူး ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့မှ ဦးခင်မောင်ဝင်းက ပြောသည်။

“တစ်နှစ်ထက်တစ်နှစ် ဘိုးဘွားတွေက လျှော့သွားတယ်၊ ပထမဆုံးသွားတဲ့ အကြိမ်တုန်းကဆို ၈၅ ယောက်၊ ဒီနှစ်ဆိုရင် ၆၀ ကျော်လောက်ပဲ ရှိတော့တယ်၊ သုံးညအိပ်၊ လေးရက်ခရီး၊ လမ်းခရီးမှာ အဆင်ပြေဖို့ အတွက် ဆရာဝန်နှစ်ယောက် ပါတယ်၊ ဆေးဝါးတွေပါတယ်”ဟု ၎င်းက ဆိုသည်။

“မြတ်မေတ္တာ” ဘိုးဘွားများအခမဲ့ ဘုရားဖူးပို့ဆောင်ပေးရေးအဖွဲ့ကို ၂၀ဝ၇ ခုနှစ်မှ စတင်ပို့ဆောင်ခဲ့ပြီး ယခုတွင် နဝမအကြိမ်မြောက် ပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့် နောက်နှစ်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောဆိုသည်။
logo-copy
“တစ်ချို့ဘိုးဘွားတွေ အသက် ၈၀ လောက်ရှိပြီး ဘယ်မှ သိပ်မရောက်ဖူးတဲ့ သူတွေရှိနေတယ်၊ အခုလို ပို့ပေးရတဲ့အတွက် ကိုယ်လည်း စိတ်ထဲမှာ ကြည်နူးတယ်၊ သူတို့ ပျော်ရွှင်နေတာကြည့်ပြီး ပီတိဖြစ်တယ်၊ ကုသိုလ်ရတယ်”ဟု ၎င်းက ဆိုသည်။

လိုက်ပါလိုသူများအနေဖြင့် အသက် ၇၀ ကျော်နှင့်အထက် သွားလာနိုင်တဲ့သူများ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ပြသရမည့်အပြင် အိမ်သားများ၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ကြောင်းနှင့် လိုက်ပါမည့် သက်ကြီး ရွယ်အို များကို ခရီးထွက်ခါနီးအချိန်တွင် ဆေးစစ်ပေးမည်ဖြစ်ပြီး ဆေးအောင်မြင်သူများသာ လိုက်ပါခွင့်ရကြောင်း “မြတ်မေတ္တာ” ဘိုးဘွားများ အခမဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

“အဖိုးက အသက် ၇၃ နှစ်ရှိပြီး ဒီအဖွဲ့မှာ လိုက်ပါတာ ခုနှစ်နှစ်ရှိပြီး အရင်ကတော့ ဒီမှာဝိုင်းကူတာပေါ့ အခုဆို လိိုက်ပါခဲ့တာ၊ ဘုရား အစုံလည်း ဖူးပြီးသလောက်ရှိပြီး အသက်လည်း ပိုရှည်လာတယ်လို့ ထင်ရတယ်၊ ပြန်ရောက်တဲ့အခါ ကိုယ်သွားခဲ့တာလေးတွေ စဉ်းစားပြီး ကြည်နူးပီတီ ဖြစ်တယ်”ဟု နှစ်စဉ်လိုက်ပါလေ့ရှိသူ ဦးမြင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့အဖွဲ့မျိုး နောက်ထပ်ပေါ်လာပါက အဘိုးအဘွားများအတွက် ပို၍ကောင်းလာမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘိုးဘွားတွေ ခရီးသွားစရိတ် စားသောက်စရိတ်အားလုံးကို တတ်နိုင်တဲ့သူက တတ်နိုင်သလောက် လစဉ် ထည့်ဝင်မှတ်တမ်းရှိတယ်၊ ဘယ်သူကဘယ်လောက် ထည့်ရမယ်လို့ သတ်မှတ်ထားတာမရှိဘူး၊ ကုန်ကျတဲ့ ငွေကိုတော့ တစ်နှစ်ကိုတစ်ခါ စာရင်းရှင်းတမ်း လုပ်တယ်၊ ပိုတဲ့ငွေကို ဘဏ်မှာ အပ်ထားတယ်”ဟု ဦးခင်မောင်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

Leave a Reply