Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၉

အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေးနေ့ကို Equality Myanmar ၊ UNTED-ACT နှင့် မွန်လူငယ်ပညာပေးရေးအဖွဲ့(MYEO) တို့ ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ မွန်ဓမ္မာရုံတွင် နိုဝင်ဘာလ ၁၉ ရက်က ကျင်းပခဲ့သည်။

“ကလေးအခွင့်အရေးသဘောတူစာချုပ် အတည်ပြုခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကို ဒီက ပြည်သူတွေ သိရှိဖို့၊ စာချုပ်ထဲမှာ ပါဝင်နေတဲ့အချက်အလက်တွေကို ပြည်သူတွေ ဗဟုသုတရရှိစေဖို့နဲ့ ကိုယ်တိုင်လက်တွေ့ကျင့်သုံးစေဖို့ ရည်ရွယ်ပါတယ်”ဟု မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO) လက်ထောက်ညွှန်ကြားရေးမှူး မင်းစိုက်ရော့ဒ်က ပြောသည်။

ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပသည့် ယင်းအခမ်းအနားတွင် ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းစသည့် ပညာပေးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

“ဒီနေရာမှာ ကလေးမိဘနဲ့ ဆရာ၊ ဆရာမများ ရှိတဲ့အတွက် ကျွန်မသိထားတာကို ဝေမျှပေးမယ်။ သက်ငယ်မုဒိမ်းဖြစ်မှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတယ်။ နှုန်းလေးတွေ မြင့်တက်လာတယ်။ အဓိက တာဝန်ရှိသူကတော့ ကျောင်းမှာ ရှိနေတဲ့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ နီးစပ်နေတဲ့ မိခင်တွေမှာ ပိုပြီးတော့ အရေးကြီးပါတယ်”ဟု အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

သက်ငယ်မုဒိမ်းဖြစ်ပွားမှု ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကလေးများနှင့်ပိုမိုနီးစပ်သည့် ဆရာ၊ ဆရာမများ၊ မိဘများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က အကြံပြုသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးမိဘတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်အေးက “ကျွန်မတိ့ု ကလေးအခွင့်အရေးနဲ့ပတ်သက်တာ အခုမှ ကြားဖူးတယ်။ ဒီလိုသိလိုက်ရတဲ့အတွက် ကောင်းတယ်။ ကျွန်မတို့ကလေးမိဘတွေအတွက် အကျိုးရှိတယ်”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေး သဘောတူညီမှုစာချုပ်ကို ၁၉၉၁ ဇူလိုင် ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply