မော်လမြိုင်၊ စက်တင်ဘာ

မော်လမြိုင်မြို့ပေါ်မှ နေ့စဉ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များကို စနစ်တကျ ဖျက်ဆီးနိုင်ရန်အတွက် အမှိုက်ဖျက်ဆီးသော စက်ရုံကိုလာမည့် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

အဆိုပါ စက်ရုံကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ပြီးစီးပါက မော်လမြိုင်မှ နေ့စဉ် ထွက်ရှိသည့် အမှိုက်တန်ချိန် ၁၂၀ ကျော်ကို ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဟာ ဖြစ်သွားလို့ ရှိရင်တော့ မော်လမြိုင်က အမှိုက်အားလုံး ရှင်းသွားမယ်၊ မော်လမြိုင်ပြီးရင် သထုံမှာလည်း ဆက်လုပ်သွားဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။
ယင်းစက်ရုံတွင် မီးဖိုချောင်သုံးအမှိုက်ဖျက်ဆီးခြင်းစနစ်အပြင်၊ သစ်ရွက်၊ သစ်ကိုင်းမှ မြေဆွေးထုတ်စနစ် အပါအဝင် စက္ကူနှင့် အခြား စွန့်ပစ် ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်သည့် စနစ်၊ ဆေးရုံမှ ထွက်ရှိသည့် ပုလင်းကွဲစသည့်စွန့်ပစ်ပစ္စည်းများကို သီးခားဖျက်ဆီးမည့် စနစ်များကိုပါ ထည့်သွင်း လျာထား၍ တည်ဆောက်သွားမည်ဖြစ်ပြီး၊ စက်ရုံသည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော် ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောသည်။

ထို့အပြင် အမှိုက်သိမ်းယာဉ်လာရောက်ချိန်နှင့် မတိုက်ဆိုင်သည့်ဌာနဆိုင်ရာရုံးနှင့် စာသင်ကျောင်းများ အဆင်ပြေစေရေးအတွက် လမ်းဘေး အမှိုက်ပုံးများကိုလည်း ထားရှိပြီး အမှိုက်ပုံးသိမ်းယာဉ်ကိုလည်း သီးသန့်စီစဉ်ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလို စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံကို မြို့နယ်တိုင်းမှာ တည်ဆောက်သင့်တယ်၊ တချို့မြို့နယ်တွေဆို အမှိုက်တွေ စနစ်တကျပစ်ဖို့ နေရာမရှိသေးဘူး”ဟု မော်လမြိုင်မြို့ ဦးကြည်မြင့်က ဆိုသည်။

ဖော်ပြပါ စက်ရုံတည်ဆောက်မည်ဆိုပါက နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန်နှင့် သင့်လျော်ကောင်းမွန်သည့် နည်းစနစ်များကို အသုံးပြုသင့်ကြောင်း ၎င်းက အကြံပြုသည်။

လက်ရှိတွင် မော်လမြိုင်မြို့မှ ထွက်ရှိသည့် အမှိုက်များကို ခြောက်မိုင်ကျေးရွာတွင် ကျင်းတူး စွန့်ပစ်လျက်ရှိသည့်အပြင် အမှိုက်တန်ချိန် ၆၀ ကျော်ကို အဆိုပါ နေရာတွင် နေ့စဉ်မီးရှို့ဖျက်ဆီးသည့် စနစ်ကို ကျင့်သုံးနေသော်လည်း မြေနေရာ အခက်အခဲ ရှိနေသည်ဟု သိရသည်။

Wirtten by – ဇော်ထိုက်

 

Leave a Reply