မော်လမြိုင်၊ မတ် ရ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ရ ရက်နေ့ထိ စည်းကမ်မဲ့ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် အစီးရေ ၃၃၄ စီး ဖမ်းမိထားကြောင်း အမှတ်(၁၂)ယာဉ်ထိန်း တပ်ခွဲမှူးရုံး(မော်လမြိုင်)မှ ဒုရဲမှူးဌေးရွှေက ပြောကြားသည်။

DSC_0595-

အဆိုပါဖမ်းဆီးရမှုများတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း အများဆုံးဖြစ် ပြီး ၊ နံပါတ်ပြားမတပ်ဆင်ခြင်း၊ သုံးယောက်စီးနင်းခြင်းနှင့် ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်းများ ကိုလည်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော် တောင်ကြီးမှာ ၁၃ နှစ် တာဝန်ထမ်းဆောင်တဲ့အချိန် တောင်ကြီးမှာ ဆိုင်ကယ်စီးလို့ ဦးထုပ် မဆောင်းတာ ရှာလို့မတွေ့ဘူး။သူတို့တွေ ဦးထုပ်ဆောင်းတာ အသားကျနေကြပြီ။ မော်လမြိုင်မှာတော့ တဖြည်းဖြည်းနဲ့ လုပ်ယူရမယ်” ဟု ၎င်းက ဆိုသည်။

ဆိုင်ကယ်မောင်းနှင်ရာတွင် ဦးထုပ်မဆောင်းကြခြင်းမှာ ရာသီဥတုပူ၍ ဦးထုပ်ဆောင်းပါက ခေါင်းပူခြင်းနှင့် ခေါင်းလေးခြင်းတို့အပြင် လူငယ်များသည် ဆံပင်ပုံစံနှင့် အလှပျက်မည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း မော်လမြိုင်မြို့၊မုပွန်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၅ နှစ်ဝန်းကျင်အရွယ်ရှိ ဦးစိုးမင်းထွေးက ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဆိုင်ကယ်မောင်းနှင်ပါက ဦးထုပ်ဆောင်းသင့်ပြီး ဆိုင်ကယ် TAXI မောင်းနှင်သူများသည် စည်းကမ်းပိုမိုလိုက်နာသင့်ကြောင်း မော်လမြိုင်မြို့၊ချောင်းစောက်ရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ် TAXI မောင်းနှင်သူ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့အတူ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်လည်း စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းသူများကို အမြဲတမ်းဖမ်းဆီးပါက ကောင်းမွန် ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒါပေမဲ့ ဒဏ်ငွေရိုက်လို့ရတဲ့ပိုက်ဆံတွေကို ဘယ်မှာပြန်သုံးမယ်ဆိုတာတော့ မြို့နေပြည်သူတွေကို ချပြသင့်တယ်”ဟု အဆိုပါ ဆိုင်ကယ် TAXI မောင်းနှင်သူက ဆိုလေသည်။

မော်လမြိုင်မြို့တွင်း ဆိုင်ကယ်စည်းကမ်းမဲ့မောင်းနှင်ခြင်းကြောင့် ဖမ်းဆီထားမှုများမှ လတ်တလောတွင် ဆိုင်ကယ် ၁၃၅ စီးကို အမှုဖွင့် အရေးယူထားပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကာလကို အချိန်အကန့် အသတ်မရှိဘဲ ဆက်လက် ဖမ်းဆီးမည်ဖြစ်ကြောင်း အမှတ်(၁၂)ယာဉ်ထိန်း တပ်ခွဲမှူးရုံး(မော်လမြိုင်) မှသိရသည်။

၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေအရ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ကျပ် သုံးသောင်းထက်မပိုသော ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ်အတွင်း မွန်ပြည်နယ်၌ ယာဉ်မတော်တဆမှု ၁၃၀ ကျော်ဖြစ်ပွား၍ လူ ၅၀ ကျော်သေဆုံးခဲ့ရာတွင် အများစုမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ဆင်ခြင်း၊ အရက်သောက်၍ သတ်မှတ် အရှိန်ထက်ပိုမောင်းနှင်ခြင်းနှင့် စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Leave a Reply