Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်အနက် မော်လမြိုင်နှင့် ရေးမြို့နယ်နှစ်ခုတွင် ကူးစက်ရောဂါကို စစ်ဆေးနိုင်သော မဲခေါင်မြစ်ဝှမ်းကျန်းမာရေးလုံခြုံမှု စီမံချက် (GMS) အား ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(သဘာဝဘေးကူးစက်) ဒေါက်တာ သန်းထွန်းအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလာမှု ပိုမိုများပြားလာခြင်း၊ ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ကူးစက်ရောဂါပျံနှံ့မှုမှာ ပိုမိုမြန်ဆန်လာသည်ကိုတွေ့ရှိနေရပြီး နယ်စပ်ဒေသနှင့် နီးစပ်သော တိုင်း၊ ပြည်နယ်များကို ကူးစက်ရောဂါများ ဓာတ်ခွဲစစ်ဆေးနိုင်ရန် စီမံချက်လုပ်ငန်း ဆောင်ရွက်ရန် လျာထားကြောင်း ၎င်းက ပြောသည်။

“နယ်စပ်တွေက ရောဂါဆန်းဆန်းတွေ ဝင်လာတတ်တယ်။ ရေးနဲ့မော်လမြိုင်က ထိုင်းနယ်စပ်နဲ့ နီးစပ်နေလို့ ဒီမြို့နယ်နှစ်ခုကို ပြုလုပ်ရတယ်”ဟု ၎င်းက ဆိုသည်။
ယင်းစီမံချက်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ယခုဖေဖော်ဝါရီ ၁၄ ရက်နေ့ကပြည်သ့ူကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ရုံးတွင် ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့တွင် အလားတူစီမံချက်အား ဆောင်ရွက်လျက်ရှိကြောင်း၊ ကူးစက်ရောဂါကာကွယ်ရေး၊နှိမ်နင်းရေးနှင့်အတူ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကပ်အသွင်ဖြစ်ပွားမှု တုံ့ပြန်ရေးလုပ်ငန်းများ ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဓာတ်ခွဲခန်းနှင့် ဇီဝလုံခြုံမှု အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းတ့ိုအားလည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ စီမံချက်ကိုဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး

ဘဏ် (ADB) က ချေးငွေထုတ်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းကို ယခုလအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ယင်းစီမံချက် GMS ကိုမြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုမှ ကျိုင်းတုံ၊တာချီလိတ်၊ ဘားအံ၊ မြဝတီ၊လွိုင်ကော်၊ မယ်စဲ၊ ထားဝယ်၊ ကော့သောင်း၊ မူဆယ်၊ လားရှိုး၊ မော်လမြိုင်နှင့် ရေးမြို့နယ်များတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ခင်နန်းဌေး

Advertisements
<

Leave a Reply