မွန်ပြည်နယ်၊မော်လမြိုင်ဘူတာရုံတွင် ခေါင်းရွက်ဈေးသည်များဈေးရောင်းခွင့်ရရှိရန် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ က ဇွန်လ၁၉ရက်နေ့တွင်ဘူတာရုံသို့သွားရောက်၍ရုံပိုင်ကြီးနှင့်ညှိနှိုင်းပေးထားကြောင်းဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးရွှေမြင့်ကပြောကြားသည်။

logo-copy

ခေါင်းရွက်ဈေးသည်များကိုဘူတာရုံပိုင်ကြီးကဒဏ်ရိုက်သောကြောင့်ဖြေရှင်းပေးရန် ဈေးသည်များကတင်ပြလာခြင်းကြောင့် သွားရောက်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီးရထားဆိုက်ရောက်သည့်အချိန်များတွင် ရထားဘေးပတ်လည်၌ ဈေးရောင်းခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အတူရထားထွက်သည့်အချိန်များတွင် ခေါင်းရွက်ဈေးသည်များမှာပလက်ဖောင်း(၂)တွင် ပစ္စည်းချပြီးရောင်းခွင့်ရရှိမည်ဖြစ်ကြောင်းထပ်လောင်းပြောကြားသည်။

“ပလက်ဖောင်း (၁)မှာတင်ဒါပေးထားတဲ့ ဈေးသည်တွေရှိတဲ့အတွက် တရားမဝင်ဈေးသည်တွေ ပလက်ဖောင်း (၂) မှာရောင်းချခွင့်ရှိတယ်လို့ ညှိနှိုင်းလိုက်တဲ့အခါ ဘူတာရုံပိုင်ကြီးနှင့် တင်ဒါဆွဲထားတဲ့ ဈေးသည်တွေ ကလည်းလက်ခံကြတယ်” ဟုဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးရွှေမြင့်က ဆိုသည်။

တရားမဝင်ဈေးသည်တွေကိုဟိုဘက်မှာနေဒီဘက်နေပေးပိုင်ခွင့်မရှိသလို၊ တရားမဝင်ဈေးသည်များကိုရထားလာသောအချိန်များတွင် ခရီးသည်များကြား ဈေးမရောင်းချရန် ဥပဒေနှင့် အညီပြောပြ၍ လိုက်လံဖမ်းဆီးသော်လည်းမရရှိသည့်နောက်တွင် ဒဏ်ငွေရိုက်ခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင် ဘူတာရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေး၊ဗမာတိုင်ရင်သားဝန်ကြီးဦးရွှေမြင့်နှင့်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းဟန်တို့ကမော်လမြိုင် ဘူတာ ရုံပိုင်ကြီး နှင့် သွားရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်ဘူတာရုံတွင် ဈေးဆိုင်များကိုလေလံစနစ်ဖြင့် မည်သို့ပေးထားသည့် အခြေအနေကိုစစ်ဆေးရမည့်အနေအထားရှိပြီး ပြည်ထောင်စုရထားရဲအမှုတွင် မည်သို့ရှိသည်များကိုအသေးစိတ် သေချာအောင် စစ်ဆေးရမည်ဖြစ်ကြောင်းဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးရွှေမြင့်က ထပ်လောင်းပြောကြားသည်။

Leave a Reply