“မော်လမြိုင်မြို့ကို ပညာရှင်များ ထွန်းကားရာ ပညာဥယျာဉ်ကြီးအဖြစ် ပြောင်းပေးမယ်”

အသစ်တည်ဆောက်ရန် လျာထားသည့် အဆောက်အဦ ပုံစံငယ်။

ဆရာကြီး ဒေါက်တာလှဘေ ပြောကြားခဲ့သော စကားဖြစ်သည်။ သူ၏ မွေးဖွားရာ ဇာတိဖြစ်သော မော်လမြိုင်မြို့ကို ပညာရှင်များ ထွန်းကားစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီးသည် အင်္ဂလန်ရောက် မြန်မာပညာတော်သင် ကျောင်းသားများအတွက်လည်း ထောက်ပံ့ကူညီပေးရန် သူ၏ သေတမ်းစာတွင် ထည့်သွင်းဆောင်ရွက်ခဲ့သည်။

“ကျွန်တော့်မှာ မွေးဖွားရာအရပ်၊ ပညာသင်ရာအရပ်၊ ကြီးပွားရာအရပ်ကို မမေ့အပ်ဘူးဆိုတဲ့ ခံယူချက်ရှိလို့ ပြန်လာတာပါ၊ ငွေတွေစုမယ်၊ အတော်အတန်ရတဲ့အခါ ပညာတော်ပြီး ချို့တဲ့တဲ့ ကျောင်းသားတချို့ တက္ကသိုလ် သွားနိုင်အောင် မြေပဒေသာ စိုက်ပေးမယ်၊ မော်လမြိုင်မြို့ကို ပညာရှင်များ မွေးဖွားရာ ဥယျာဉ်အဖြစ် ပြောင်းပေးမယ်”ဟူ၍ ဆရာကြီး ဒေါက်တာလှဘေက ပြောကြားခဲ့ဖူးသည်။

၁၉၈ဝ ပြည့်နှစ်တွင် ဆရာကြီး ဒေါက်တာလှဘေသည် မော်လမြိုင်မြို့ပေါ်ရှိ အမှတ်(၁) အ.ထ.က အပါအဝင် အလယ်တန်း၊ အထက်တန်းကျောင်းများမှ ပညာထူးချွန်သည့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးပဒေသာပင်များ စိုက်ထူပေးခဲ့သည်။

၂ဝဝ၆ခုနှစ် စာဆိုတော်နေ့ အခမ်းအနားတွင် ဆရာကြီးသည် စာကြည့်တိုက် တစ်တိုက်ထူထောင်ရန် အမေရိကန်ဒေါ်လာ ၃ဝဝဝ မတည် လှူဒါန်းပေးခဲ့သည်။

ဆရာကြီးသည် အင်္ဂလိပ်ခေတ်ကတည်းက (၁ဝ)တန်းကို ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း ဆရာဝန်၊ အရေးပိုင်၊ ဝန်ထောက်စသည့် ရာထူးများကို မလုပ်ဆောင်ခဲ့ဘဲ ကျောင်းဆရာအလုပ်ကိုသာ မြတ်နိုး၍ မြန်မာစာကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။

လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့ပြီး မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာသိစေရန် နှစ်ပေါင်းများစွာ နိုင်ငံတကာသို့ လှည့်လည်ဟောပြောခဲ့သော ဒေါက်တာလှဘေမှာ မော်လမြိုင်သားများသာမက မြန်မာနိုင်ငံသားများကပါ ဂုဏ်ယူဝင့်ကြွားလောက်သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။

ဆရာကြီး၏ မတည်ငွေ၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်း၏ ထည့်ဝင်ငွေ၊ ဆရာကြီး ဒေါက်တာတင်စိုးနှင့် မြို့ခံလူထုမှ လှူဒါန်းငွေအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အမှတ်(၁) အ.ထ.က ကျောင်းရှေ့၊ သံလွင်ဥယျာဉ်အတွင်း ပေ(၁ဝဝ) ပတ်လည် မြေကွက်တွင် ခေတ်မီစာကြည့်တိုက်ကြီးကို စတင်တည်ဆောက်တော့မည်ဖြစ်သည်။

ဒေါက်တာလှဘေ အထိမ်းအမှတ် ပညာပါရမီ စာကြည့်တိုက်ကို စတင်ဆောက်လုပ်နိုင်ရန်အတွက် အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို မတ်လ ၁ဝရက်၊ နံနက် ၉နာရီအချိန်တွင် အမှတ်(၁) အ.ထ.ကအရှေ့ဘက်၊ သံလွင်ဥယျာဉ်ဝင်းအတွင်း ပြုလုပ်သည်။

“စာတတ်သူတိုင်း စာဖတ်ရေး”ဦးတည်ချက်ဖြင့် ကျောင်းသားလူငယ်များနှင့် ပြည်သူအများ အသိပညာဗဟုသုတ တိုးပွားစေရန် ဆရာကြီး မျိုးစေ့ချပေးခဲ့သော ပညာပါရမီ စာကြည်တိုက်ကြီး ဖြစ်မြောက်တည်တံ့ ထွန်းကားရေးအတွက် အလှူငွေ၊ ပရိဘောဂ၊ စာအုပ်စာတမ်းများ လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ဒေါက်တာလှဘေ အထိမ်းအမှတ် ပညာပါရမီ စာကြည်တိုက် နှိုးဆော်စာတွင် ဖော်ပြထားသည်။

ပညာပါရမီ စာကြည့်တိုက်ကို အများပြည်သူ လူကြီးလူငယ်မရွေး အခမဲ့ အသုံးပြုနိုင်သော ပြည်သူ့ စာကြည့်တိုက် (Public Media Centre) အဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာကြီးသည် ၁၉၄၈ခုနှစ်တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာ လေ့လာရေး သိပ္ပံကျောင်း (ယခု SOAS) တွင် မြန်မာစာကထိက၊ ၁၉၅၅တွင် တွဲဖက် ပါမောက္ခ၊ ၁၉၆၆တွင် ပါမောက္ခဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈ဝခုနှစ်တွင် အငြိမ်းစားယူပြီး မြန်မာနိုင်ငံသို့ ပြန်လာချိန်၌ လန်ဒန်တက္ကသိုလ်တွင် ဆရာလုပ်သက် ၃၂နှစ်၊ ပါမောက္ခလုပ်သက် ၁၄နှစ် ရှိခဲ့သည်။ ၂ဝဝ၇ခုနှစ် ဇူလိုင်လ ၃၁ရက်တွင် မော်လမြိုင်မြို့၌ပင် ကွယ်လွန်ခဲ့ဟု သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.