Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့တွင်း နေရာ သုံးခု၌ သုံးဘီးယာဉ်နှင့် အနှေးယာဉ်များ မဝင်ရ လမ်းဆုံဆိုင်းဘုတ်များ သတ်မှတ်ထားရှိသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်၊အမှတ် ၁၂ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်သူက ပြောကြားသည်။

အဆိုပါယာဉ်များကို မော်လမြိုင်မြို့ အထက်လမ်းမကြီး အ.ထ.က ၁ ကျောင်းအရှေ့မှ သစ်တောရုံးလမ်းဆုံအထိလည်းကောင်း၊ သိပ္ပံလမ်းအလယ်ထိပ်မှ မောရဝတီပန်းခြံအထိလည်းကောင်း၊ အတ္ထရံဟိုတယ်လမ်းဆုံမှ အောက်လမ်းမကြီး ထားဝယ်တံတားလမ်းဆုံအထိလည်းကောင်း ၊နေရာသုံးနေရာ၌ သတ်မှတ်ဆိုင်းဘုတ်များကို ၁၉၈၉ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေမြိုင်သီရိရပ်ကွက်မှ သုံးဘီးဆိုင်ကယ်အငှားယာဉ်မောင်း ဦးဇော်ထွေးက “ကျွန်တော်တို့တွေက ဒီဈေးကြီးကိုမှီခိုပြီးတော့ ဒီသုံးဘီးမောင်းစားနေတာ၊ ဒီဈေးကြီးမှာ မမောင်းရဘူးဆိုရင် လူမရှိတဲ့နေရာမှာ သွားထားထားမယ်ဆိုရင် ကျွန်တော့်နောက်မှာ မှီခိုနေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် အများကြီး ဒုက္ခရောက်ကြမှာပေါ့” ဟု ပြောသည်။

မော်လမြိုင်မြို့၊ အောက်ဈေးကြီးတွင် အငှားသုံးဘီး တက္ကစီမောင်းနှင်သူ ဦးစိန်ထွန်းက အကြံပြုတောင်းဆိုသည်မှာ မရှိဆင်းရဲသားပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် အငှားသုံးဘီး ဆိုင်ကယ်ယာဉ်များကို အနှေးယာဉ်မဝင်ရ သတ်မှတ်သည့် နေရာများတွင် မသတ်မှတ်သင့်ကြောင်း ပြောဆိုသည်။

“နေရာတိုင်းကို အနှေးယာဉ် သုံးဘီးဆိုင်ကယ်မဝင်ရ သတ်မှတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးတော့မှ ယာဉ်ကြောရှုပ်ထွေးကျပ်တည်းတဲ့နေရာတွေကို သတ်မှတ်တာပါ။ ကျန်တဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ်။ ကမ်းနားလမ်းဆိုရင် လမ်းကျယ်လည်းဖြစ်တယ်။ လမ်းကျယ်ဖြစ်တဲ့အတွက် အဲဒီမှာ ကုန်တင်ယာဉ်တွေ အနှေးယာဉ်တွေ သုံးဘီးယာဉ်တွေ ကုန်တင်ကုန်ချ လုပ်လို့လည်းရတယ်။ ယာဉ်ကြောပိတ်ဆို့မှုလည်း ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးပေါ့”ဟု ရဲမှူးကျော်သူက ရှင်းလင်းပြောဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှုမှာ ယာဉ်များက လမ်းမပေါ်တွင် ရပ်တန့်ကာ ကုန်တင်ကုန်ချပြုလုပ်နေမှုကြောင့်ဖြစ်ပြီး သတ်မှတ်ထားသည့် နေရာတွင်သာ စနစ်တကျ အတင်အချပြုလုပ်မည်ဆိုပါက လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း မြိုင်သာယာရပ်ကွက်မှ ဦးအောင်နိုင်ဝင်းက အကြံပြုသည်။

“ဒီလိုနေရာတွေပဲ သတ်မှတ်ပြီး မလုပ်ဆောင်ဘဲ မော်လမြိုင်တစ်မြို့လုံးမှာရှိတဲ့ နေရာတိုင်းကို လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့လို ပြည်သူတစ်ဦးတစ်ယောက်ချင်း အနေနဲ့လည်း စည်းကမ်းစနစ်တကျနဲ့ လမ်းဘေးချရပ်ပြီး ကုန်တင်ကုန်ချ လုပ်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်အန္တရာယ်ဖြစ်မှုတွေ လျော့နည်းပပျောက်သွားမှာပါ”ဟု မော်လမြိုင်မြို့ခံ ဦးညွှန့်ရွှေက မှတ်ချက်ပြုသည်။

မော်လမြိုင်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်၍ ရှောင်တခင် (Mobile Team) စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Written by – ခေတ်မင်း

Leave a Reply