မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာအပိုင်း သရက်ကုန်ရပ်ကွက်တွင် အကြိမ် (၇၀) မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲကို ဖော်ဖော်ဝါရီ ၁၀ ရက်နေ့မှ ပြည်ထောင်စုနေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်း နွားလှည်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်ထံက ပြောဆိုသည်။

“နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့မှာ လယ်သမားတွေ စည်းလုံးဖို့နဲ့ နွားကြံ့ခိုင်ရေးအတွက် အဓိကထားပြီးတော့ ဒီပျော်ပွဲရွင်ပွဲကို ကျင်းပပေးခြင်းဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

လယ်သမားများ၏ ချစ်ကြည်ရင်းနှီးမှု၊ တိုင်းရင်းသားတွေ သွေးစည်းညီညွှတ်မှု ရှိစေရန်နှင့် လယ်သမားများအတွက် ကြံ့ခိုင်တောင့်တင်းသောနွားများ ထွက်ပေါ်လာရန် ရည်ရွယ်၍ နွားလှည်းပြိုင်ပွဲများကို နှစ်စဉ် ဆက်လက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်ဝင်ပြိုင်တယ်၊ ဆုမရခဲ့ဘူး၊ အဲ့ဒီတုန်းကတော့ သူများနွားနဲ့ပေါ့၊ ဒီနှစ်မှာတော့ ကျွန်တော် နွားတွေနဲ့ပဲ ဝင်ပြိုင်သွားမှာပါ၊ ဆုရအောင်ပြိုင်ဖို့ အတွက်လည်း ကြိုးစားသွားမှာပါ”ဟု သရက်ကုန်း ရပ်ကွက်နေ ပြိုင်ပွဲဝင်တစ်ဦးက ပြောဆိုသည်။

မွန်ပြည်နယ်တွင် နွားလှည်းပြိုင်ပွဲများ ကျင်းပသည့်ဓလေ့ ပျောက်ကွယ်မှုမှာ နှစ်ပေါင်း ၃၀ ခန့်ရှိခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် ပြည်ထောင်စုနေ့မှ ပြန်လည်းစတင်ခဲ့ရာ ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နွားလှည်းတစ်စီးလျှင် အုပ်စုတစ်အုပ်စုဖြင့် စုစုပေါင်း ရှစ်ဖွဲ့ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲကို ပြည်ထောင်စုနေ့တွင် ကျင်းပကာ ပထမဆု၊ ဒုတိယဆု၊ တတယဆုနှင့် နှစ်သိမ့်ဆုများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Written by – ဟိန်းထက်

Leave a Reply