မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပြည်နယ်ဖြည့်စွက်ဘတ်ဂျတ်ဖြင့် မော်လမြိုင်မြို့နယ်အတွက် အမှိုက်သိမ်းကားအစီး ၂ဝ ကို ဧပြီလဆန်းပိုင်းတွင် စတင်သုံးစွဲရမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ စီမံကိန်း ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

အလုံပိတ် အမှိုက်သိမ်းကား ၁၅ စီးကို ရပ်ကွက်အတွင်း အမှိုက်သိမ်းဆည်းရမည်ဖြစ်ရာ အလုံပိတ်ကားဖြင့် ထည့်မရသော အမှိုက်များကို ပက်လက်ကား ငါးစီးကို အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှိုက်သိမ်းကား၏ တန်ဖိုးမှာ အလုံပိတ်ကား တစ်စီးလျှင် ငွေကျပ် ၄၅ဝ သိန်းနှင့် ပက်လက်ကား တစ်စီးလျှင် ငွေကျပ် ၁၆ဝ သိန်းရှိကြောင်း ၎င်းက ဆိုသည်။

“အဓိကက အမှိုက်သိမ်းကား လုံလောက်မှုမရှိဘူး။ ပြည်သူတွေကလဲ တင်ပြလာတယ်။ ပြီးတော့ မြင်နေတဲ့ အတိုင်းပဲ ညဘက်ဆို လူတွေက သံလွင်မြစ်ထဲကို အမှိုက်တွေ လာပစ်ချတာလည်းရှိတယ်။ အဲလို မဖြစ်စေချင်လို့ ဒီလို လုပ်ပေးတာကို ပြည်သူတွေလဲ ပူးပေါင်းပါဝင်ရမယ်”ဟု ၎င်းက ပြောသည်။

စည်းကမ်းမရှိ မြစ်ချောင်းအတွင်း အမှိုက်ပစ်ခြင်းကို တွေ့ရှိပါက ဥပဒေနှင့်အညီ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ဆိုသည်။
ယင်းအပြင် ကျန်ရှိသော မြို့နယ်များကိုလည်း လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျတ်တွင် အမှိုက်သိမ်းကား အစီး ၂ဝ လျာထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“အမှိုက်သိမ်းကားနဲ့ ရပ်ကွက်နဲ့ မလုံလောက်ဘူး၊ အဲအနေအထားကို ကြည့်ပြီးတော့ နှစ်ရက်တစ်ကြိမ်လို့ သတ်မှတ်ထားတယ်။ ကားအခြေအနေပေါ်မူပြီးတော့ နေ့စဉ်ဖြစ်ရင်လည်း ဖြစ်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အမှိုက်သိမ်းကား လုံလောက်မှု ရရှိပြီးဖြစ်၍ အမှိုက်သိမ်းရန် လိုအပ်သည့် ဝန်ထမ်းများကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရွေးချယ်ခန့်အပ်ရမည်ဖြစ်ပြီး ခန့်အပ်ရမည့် ဝန်ထမ်းများမှာ ယာဉ်မောင်းဝန်ထမ်း ၂ဝ ဦးနှင့် ယာဉ်နောက်လိုက်ဝန်ထမ်း ၄ဝ ဦးတို့ကို ခန့်အပ်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

Leave a Reply