Advertisements

မော်လမြိုင်၊ ဇွန် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လောင်းကစားဒိုင်များနှင့် မူးယစ်ဆေးဝါးများ အရှိန်အဟုန်မြှင့် ဖမ်းဆီးနေသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးက ဟင်္သာသို့ ပြောကြားသည်။

“ဒီလောင်းကစားမှုတွေရော မူးယစ်ဆေးဝါးတွေကိုုပါ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ထုတ်နေပါတယ်” ဟု ရဲမှူး မြင့်ဌေးက ပြောသည်။

Advertisements
data-language="en"

ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်နှင့် မြိုင်သာယာရပ်ကွက်တို့ရှိ တရားမဝင် နှစ်လုံးသုံးလုံး ချဲထီ လောင်ကစားဒိုင်များကို ဇွန် ၁ ရက်နေ့က နေပြည်တော် CID မှ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းတို့၌ လောင်းကစားဥပဒေပုဒ်မ ၁၅ (က)၊ ၁၆ (က) အရ အမှုဖွင့်ဖမ်းဆီးဆောင်ရွက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် မြေနီကုန်းရပ်ကွက်၊ မီးရထားဘူတာကြီး၊ စင်္ကြန် ၁ လမ်း၊ ဈေးဆိုင်ခန်းအမှတ် (၃) ရှိ ဦးသန်းစိုး၏ ဈေးဆိုင်ခန်းအတွင်းမှ နှစ်လုံးသုံးလုံးချဲထီ လောင်းကစားပစ္စည်းများနှင့် လောင်းကြေးငွေ ၄,၂၅၀,၀၀၀ ကျပ်ကို ဇွန် ၆ ရက်၌ ဖမ်းဆီးရမိခဲ့သည်။

“ကျွန်တော်ကတော့ နယ်မြေခံရဲစခန်းမှူးတွေကို နေ့စဉ်နဲ့အမျှ လောင်းကစားဒိုင်တွေ မူးယစ်ဆေးဝါးတွေ စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားနေပါတယ်။ ဘယ်ကပဲ လာပြီးဖမ်းဖမ်း အဓိက လောင်းကစားမှုတွေ မူးယစ်ဆေးဝါးမှုတွေ ပပျောက်ကင်းစင်ဖို့ အရေးကြီးတယ်”ဟု ရဲမှူး မြင့်ဌေးက ပြောသည်။

မော်လမြိုင်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၇ ရက်နေ့အထိ ဖမ်းဆီးထားသည့် လောင်းကစားအမှုပေါင်း ၂၂ မှုကို အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲမှူး မြင့်ဌေးက ဆိုသည်။

လောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် အခြားဒုစရိုက်မှုလုပ်ငန်းများ ကင်းစင်ပပျောက်ရေးအတွက် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုများအားလုံးတို့က ပူးပေါင်းပါဝင်၍ သတင်းပေးကူညီဖမ်းဆီးပေးရန် လိုအပ်သည်ဟု တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

Written by ခေတ်မင်း (ပျားအုံ)

Leave a Reply