မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သော မော်လမြိုင်မြို့ပေါ် ရပ်ကွက်များရှိ အချို့လုပ်ငန်းများသည် စာရင်းစစ်အတည်ပြုထားပြီးသော အသေးစိတ်တွက်ချက်မှုစာရင်းများကို ကက်ဘိနက်အစည်းအဝေးတွင် တင်ပြပြီးမှသာ ပေးသင့် မပေးသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များအတွင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သော မော်လမြိုင်မြို့ပေါ် ရပ်ကွက်များရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ ဘဲကုန်း ကုန်စိမ်းဈေးနှင့် ကမ်းနားလမ်း ရှိ ငါးဈေး၊ ဈေးကြို(ကညန) အဝိုင်းတည်ဆောက်ရေး လုပ်ငန်းများ စာရင်းစစ်အတည်ပြုထားပြီးသော အသေးစိတ်တွက်ချက်မှုများစာရင်းများကို လွှတ်တော်တို့ ပေးပို့နိုင်ခြင်း အစီအစဉ်ရှိ မရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ဆက်စပ်မေးမြန်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တောင်းခံမယ်ဆိုရင် အစိုးရအဖွဲ့ကို တောင်းပါ ဆက်လက်ပြီးတော့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ကျွန်တော်တို့ ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ ပေးသင့်မပေးသင့်ဆုံးဖြစ်ပြီးတော့ ပေးနိုင်မယ်ဆိုရင် အမြန်ဆုံးပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ပြည်သူများက စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများအားလုံး စာရင်းဇယားများ သိရှိလိုပါက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မေးမြန်းနိုင်ပြီး တာဝန်ရှိသူအဆင့်ဆင့်မှ ရှင်းလင်းဖြေကြားပေးမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများသိရှိလိုသည်များ လာရောက်လေ့လာမေးမြန်းစုံစမ်းနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့ရုံးတွင် Information Center ရုံးခန်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကက်ဘိနက်မှာ ဆုံးဖြတ်ပြီးတော့မှတဲ့ ကက်ဘိနက်ဆုံးဖြတ်ချက်အရ ပေးချင်မှပေးမယ်ဆိုတော့ ကက်ဘိနက်မှာမပေးဘူးလို့ ဆုံးဖြတ်ရင် မပေးဘူးဆိုပြီးတော့ ပြောတဲ့သဘောဖြစ်နေတယ်။ အမှန်က မပေးလို့ မရဘူး ဒီဥစ္စာကလေ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်စာနဲ့တောင်းရင်တောင်မှ ပေးရမယ်။ ကက်ဘိနက်မှာ ဆုံးဖြတ်စရာလည်း မလိုဘူး။ ဒါက အများပြည်သူးကို ပြရမှာလေ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ပြည်သူ့ကိုယ်စားလှယ်က ပြည်သူ့ကိုယ်စား ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲထားတာတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးပြီး တင်ပြတောင်းခံတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ ပြည်သူ့ဘဏ္ဍာငွေတောင်သုံးတဲ့ဟာကို စာရင်းဇယားချပြနိုင်ခြင်းမရှိဘူး။ အဲဒီတော့ ပွင့်လင်းမြင်သာမှုတို့ တာဝန်ယူမှု တာဝန်ခံမှုတို့ ဘယ်ရောက်သွားပြီးလဲ”ဟု ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိသည်။

Leave a Reply