မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းဈေးှနှင့် လှိုင်-ဘဲကုန်ဈေးများ၏ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ယခုနှစ်အတွင်း အကောင်အထည် တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲမှာ ဒီဈေးနှစ်ဈေးကို အဆင့်မြှင့်လုပ်နေတယ်၊ ဒီအတွက်လည်း လွှတ်တော်က အတည်ပြုချက်ရတာနဲ့ စလုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဈေး နှစ် ဈေး အဆင့်မြှင့်တင်မည့် လုပ်ငန်းအတွက် အသုံးပြုမည့် ငွေပမဏ များနေခြင်းကြောင့် ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ရယူ ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဘဲကုန်ဈေးကို အဆင့်မြှင့်တင်သည့် လုပ်ငန်းပြီစီးပါက ဒေါ်လန်းဈေးအား ယင်းဈေးနေရာသို့ ပြောင်းရွေ့ရန် ဈေးသူဈေးသားများနှင့် တိုင်ပင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့က ဆွေးနွေးဖို့တော့ မရှိပါဘူး၊ ကျွန်တော် သိရသလောက်ဆို ဒီကိစ္စတွေက ဘတ်ဂျက် ဥပဒေထဲမှာ ပါပြီးသားပဲ၊ ဒီအတွက် ဘတ်ဂျက်ကလည်း ခွင့်ပြုထားတယ်၊ သူတို့ လုပ်မယ်ဆိုရင် လုပ်လို့ရတယ်၊ လွှတ်တော် ခွင့်ပြုချက် ထပ်လုပ်စရာ

မလိုဘူး”မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် ဈေး အဆင့်မြှင့်ရေး လုပ်ငန်း လိုအပ်ချက်အတွက် စာတင်လာပါက လက်ခံဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မတို့ ဈေးကို ဒီလို လုပ်ပေးမယ်ဆိုတော့ ဝမ်သားပါတယ်၊ ဒီအတွက် မြန်မြန်လေး လုပ်စေချင်တယ်”ဟု ဒိုင်းဝန်ကွင်းဈေးရှိ ဈေးသည် တစ်ဦးက ပြောဆိုသည်။

ဈေး နှစ် ဈေး အဆင့်မြှင့်ရေး ကုန်ကျစရိတ်ကို ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြိုင် အမှတ် (၂) ဈေး၏ ခေါင်းမိုးများကို သိန်း ၇၀၀ ကျော် ကုန်ကျခံကာ ပြန်လည် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

Written by – ဇော်ထိုက်

Leave a Reply